ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဆောင်ရွက်သွားရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဆုံးဖြတ်ထား

နေပြည်တော်  နိုဝင်ဘာ  ၁၆

ရခိုင်ပြည်နယ်မှ  နေရပ်စွန့်ခွာသွားသူများအနက်  စိစစ်ပြီးသူများအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ (၁၅) ရက်မှ စတင်၍ ပြန်လည်လက်ခံရေးဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့ သဘောတူထားပြီး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ  သဘောတူထားသည့်အတိုင်း  တစ်ရက်လျှင်  နေရပ်စွန့်ခွာသူ (၁၅၀)  နှုန်းဖြင့် လက်ခံသွားရန်  မြန်မာနိုင်ငံဘက်မှ  လိုအပ်သည့်  ပြင်ဆင်ဆောင်ရွက်မှုများ  ဆောင်ရွက်ထားရှိသော်လည်း  ဘင်္ဂလား ဒေ့ရှ်နိုင်ငံအနေဖြင့်  ယခုအချိန်အထိ  ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။ နေရပ်စွန့်ခွာသူအချို့မှာ      မြန်မာနိုင်ငံသို့  ပြန်သွားရန် ဆန္ဒမ ရှိကြောင်း UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု သိရှိရသည်။

ထပ်လောင်းကတိကဝတ်ပြု

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၁၆) ရက်တွင် ပြည်ထောင်စုဝန်ကြီး  ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး  H.E. Abul  Hassan  Mahmood  Ali တို့သည်  ယင်းကိစ္စနှင့်  ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားရာ၌ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ (၂၃) ရက်တွင် လက်မှတ်ရေးထိုးထားသည့် လုံခြုံစွာ၊  မိမိသဘောဆန္ဒ အလျောက်နှင့်  သိက္ခာရှိစွာဖြင့် နေရပ်စွန့်ခွာသူများ      ပြန်လာနိုင်ရေး      နှစ်နိုင်ငံသဘောတူညီချက်အား  အကောင်အထည် ဖော် ရန်  ဆုံးဖြတ်ထားမှုအပေါ်တွင် ထပ်လောင်းကတိကဝတ်ပြုခဲ့ကြပြီး  ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ   ဆောင်ရွက်ရာ၌ လတ်တလောတွင် အခက်အခဲ များ ရှိနေကြောင်း၊ ယင်း အခက်အခဲများမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ (၁၆) ရက် နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ  ရခိုင်ပြည်နယ်မှ  နေရပ်စွန့်ခွာသူများ  ပြန်လည် လက်ခံရေးကို    လက်တွေ့ကျကျ    အကောင်အထည်ဖော်  ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်တွင် ပါရှိသော  လုပ်ငန်းစဉ်များအား အကောင် အထည်ဖော်ရာတွင် တွေ့ရှိရသည့် အားနည်းချက်များမှ ထွက်ပေါ်လာခြင်းဖြစ်သည်ကို နားလည်ထားကြပါကြောင်း၊   ယင်းသဘောတူညီချက်အရ  ရခိုင်ပြည် နယ်မှ  နေရပ်စွန့်ခွာသူများ  ပြန်လာမည်ဆိုပါက    ၎င်းတို့ကိုယ်တိုင် ပြန်လည်သွားရောက်လိုကြောင်း ဆန္ဒပြုရမည့်အပြင် သတ်မှတ်ပုံစံများတွင် ဖြည့်သွင်း လက်မှတ်ရေးထိုးရန်လည်း  လိုအပ်ပါကြောင်း၊  သို့ရာတွင် UNICEF မှ  တွေ့ဆုံ မေးမြန်းထားသော (၁၅၀) အပါအဝင် နေရပ်စွန့်ခွာသူ (၂၂၆၀) တို့၏ သတ်မှတ်ပုံစံများကို  ပေးပို့ရာတွင် ယင်းလုပ်ငန်းစဉ်များ ကို လိုက်နာဆောင်ရွက်ထား မှုမရှိသည်ကို တွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံသို့ မကြာသေးမီက ထပ်မံပေးပို့ခဲ့သည့်နေရပ်စွန့်ခွာသူ (၂၂၀၀၀) ၏ သတ်မှတ်ပုံစံများတွင် ၎င်းကာယကံရှင်များကိုယ်တိုင် လက်မှတ်ရေးထိုး ထားသည်ဟု  ယူဆပါကြောင်း၊  အလားတူ ဟိန္ဒူဘာသာဝင်  (၄၄၀) သည်  မိမိသဘောဆန္ဒအလျောက်  ဆောလျင်စွာပြန်လာလိုကြောင်း  သိရှိရပြီး ၎င်းတို့ကို ပထမအသုတ် စိစစ်လက်ခံရေး လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်  မကြာမီ  ရွေးကောက်ပွဲ  ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အကုန် ပိုင်း၌သာ ပြန်လည်စတင်ဆောင်ရွက်မည်ဟု ဆွေးနွေးခဲ့ကြကြောင်း  သိရှိရသည်။