ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်သည့် အစည်းအဝေးကျင်းပ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြား


နေပြည်တော် သြဂုတ် ၉
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်သည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ဒုတိယဝန် ကြီး ဦးမင်းသူ၊ ခေတ္တရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦး၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့ လှုပ်ရှားမှုများအား ထိန်းချုပ်နိုင်မှု အစီအစဉ်နှင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့က လတ်တလော လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းဆောင်ရွက်နိုင်မှု အခြေအနေ များနှင့် ရေရှည်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအမံလျာထားချက်များကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက် ရာတွင် တွေ့ကြုံရသည့်အခက်အခဲနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေ များအား ဆွေးနွေးတင်ပြသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီ အထောက်အပံ့များနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က လူ့အခွင့်အရေးကောင်စီအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်၍ အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ညနေ ၆ နာရီ ၂၅ မိနစ်တွင် ရုပ်သိမ်းလိုက်သည်။

 

 

Similar News