ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာသန်းမြင့် ကော့သောင်းမြို့ ၌ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

နေပြည်တော် ဧပြီ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တို့သည် မတ် ၃၁ ရက် နံနက်ပိုင်းတွင် ကော့သောင်းမြို့ ဗစ်တိုးရီးယားဟိုတယ်ခန်းမ၌ ကော့သောင်းမြို့ရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကကုန်သည်လုပ်ငန်းရှင်များအား လိုအပ်သည်များ ကူညီပံ့ပိုးပေးရန် လာရောက်ခြင်းဖြစ်၍ ပွင့်ပွင့်လင်းလင်း တင်ပြကြရန်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရေထွက်ကုန်ပစ္စည်းများအားတန်ဖိုးမြင့်ထုတ်ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး လိုအပ်သည့် ကိစ္စများအား အကျယ်တဝင့် ပြောကြားသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်က တိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကော့သောင်းမှ ရနောင်းမြို့သို့ တံတား တည်ဆောက်ရန်တင်ပြမှု၊ လေယာဉ်စီးနင်းခ လျှော့ချရေး တင်ပြမှုတို့အား ပြန်လည်ရှင်းလင်းပြောကြားပြီးပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ညနေပိုင်းတွင်တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ ဖြိုးရေး၊ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။