ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ UNDP နှင့် UNHCRဌာနေကိုယ်စားလှယ်တို့အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၉

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် UNDP ၏ မြန်မာ နိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Peter Batchelor နှင့် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Johan Cels တို့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အကူအညီပေးနိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊UNDP နှင့် UNHCR တို့အကြား၂၀၁၈ ခုနှစ် ဇွန် ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) ကို သက်တမ်း တိုးမြှင့်ရေး အတွက် UNDP နှင့် UNHCR တို့မှ တင်ပြဆွေးနွေးသည်။

အဆိုပါ နားလည်မှုစာချွန်လွှာ (MoU) သည် ၂၀၁၉ ခုနှစ် ဇွန် ၆ ရက် တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပါ သဖြင့် UNDP နှင့် UNHCR တို့က တစ်နှစ်သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် ၂၀၁၉ခုနှစ် မတ် ၇ ရက်တွင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ရာ ယင်းဝန်ကြီးဌာနမှ မူအားဖြင့် သဘောတူပါကြောင်း ၂၀၁၉ ခုနှစ် မတ် ၉ ရက်တွင်ပြန်ကြားခဲ့ပြီး ဖြစ် သည်။

ယနေ့တွေ့ဆုံစဉ် နားလည်မှုစာချွန်လွှာ (MoU) ၏ သက်တမ်းအားတစ်နှစ် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်မံအတည်ပြုပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

Similar News