ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မေ ၂၈

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၄) ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ်သို့ တက်ရောက် ရန် မေ- ၂၆ ရက်တွင် ရန်ကုန်မြို့မှ ကိုရီးယားနိုင်ငံသို့ ထွက်ခွာ သည်။ မေ- ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mrs. Kang Kyung-Wha အား ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံ သည်။

တွေ့ဆုံစဉ် ကိုရီးယား-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး၊ ကိုရီးယားသမ္မတနိုင်ငံ၏ တောင်ပိုင်းဆိုင်ရာမူဝါဒသစ် တိုးတက်အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံ အပါအဝင်၊ အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ရေးကိစ္စ၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကိုရီးယား-အာဆီယံ နှစ်(၃၀)ပြည့် ထိပ်သီးအစည်းအဝေး၊ ကျင်းပ ပြုလုပ်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက် ခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ Industrial Bank of Korea ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Mr. Oh Hyuk-Soo က တည်ခင်းသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။