ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၉

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် နယူး ယောက်မြို့တွင် ကျင်းပသော (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မူဝါဒရေးရာဆွေးနွေးပွဲသို့ တက်ရောက်၍ မြန်မာနိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် ကျူးဘားနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ခဲ့ပြီး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ စက်တင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ အဆင့်မြင့် ရက်သတ္တပတ်ကာလအတွင်း ကျင်းပ သည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားသည့် အစီအစဉ်၌ မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ သည် စက်တင်ဘာ ၂၈ ရက်တွင် မိန့်ခွန်း တစ်ရပ် ပြောကြားခဲ့သည်။

နယူးယောက်မြို့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေစဉ် အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai ၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ ဒုတိယဝန်ကြီး Mr. David Hale ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ Mr. Peter Maurer နှင့် Universal Peace Federation ဥက္ကဋ္ဌ Mr. Thomas G. Walsh တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၃ ရက် တွင် ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပသည့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ်နိုင်ငံများအကြား သုံးပွင့်ဆိုင် အလွတ် သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. A. K.Abdul Momen ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများကိစ္စရပ်ကို ဖြေရှင်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးစွာ ညှိနှိုင်း ဆွေးနွေးခြင်းသာဖြစ်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များ နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် အဆင်သင့်ဖြစ်နေမှုတို့ကို ထပ်လောင်း ပြောကြားခဲ့သည်။ ဆွေးနွေးပွဲအတွင်း ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံလုံးမှ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း မှု မြှင့်တင်ရေးအပါအဝင် ညှိနှိုင်းဆွေးနွေးခြင်းများဖြင့် ပြဿနာကို ဖြေရှင်းသွားကြရန် သဘောတူညီခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၄ ရက်တွင် အထွေထွေ ညီလာခံသို့ တက်ရောက်ကြသော ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် များအား ကုလသမဂ္ဂအတွင်းရေး မှူးချုပ်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲနှင့် အမေရိကန်သမ္မတက တည်ခင်းဧည့်ခံသည့် ညစာစားပွဲ တို့သို့လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်က တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာ စားပွဲသို့ လည်းကောင်း တက်ရောက်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ တက် ရောက်ပြီးနောက် မြန်မာနိုင်ငံအစိုးရ၏ အထူးကိုယ်စား လှယ်အဖြစ် ကျူးဘားနိုင်ငံ ဟာဗားနားမြို့သို့ အောက်တို ဘာ ၂ ရက်မှ ၅ ရက်အထိ ဆက်လက်သွားရောက်ခဲ့သည်။

ကျူးဘားနိုင်ငံခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး သည် ကျူးဘားနိုင်ငံ ဒုတိယသမ္မတ Mr. Roberto Morakes Ojeda ၊ ကျူးဘားနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီး Mr. Jose Angel Portal Miranda နှင့် ကျူးဘား နိုင်ငံခြားရေးဝန်ကြီး Mr. Bruno Eduardo Rodriguez Parrilla တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည် အောက်တိုဘာ ၄ ရက် ညနေ ပိုင်းတွင် ကျင်းပသည့် ဟာဗားနားမြို့ မြန်မာသံရုံးဖွင့်လှစ် သည့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၅ ရက်တွင် ဟာဗားနားမြို့ရှိ Jose Marti အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာကာ ယင်းနေ့ ညနေပိုင်းတွင် နယူးယောက်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် အဆင့်မြင့်ကာလအတွင်း ကျင်းပခဲ့သည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်နိုင်ငံရေးဖိုရမ်၊ Global Call to Protect Religious Freedom Side Event ၊ 70 years of the Geneva Conventions Side Event ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည် ဆိုင်ရာစာချုပ် (CRC) ၏ နှစ် (၃၀) ပြည့် အခမ်းအနား၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (NAM) ၏ ဝန်ကြီးအဆင့် အစည်းအဝေး၊ (၄၃) ကြိမ်မြောက် G-77 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေး (IAMM)၊ (၆) ကြိမ် မြောက် အာဆီယံ-ပစိဖိတ် မဟာမိတ်ဝန်ကြီးများအဆင့် အစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အထွေထွေညီလာခံ သဘာပတိတို့အကြား အစည်းအဝေး (AUMM) တို့ကို တက်ရောက်ခဲ့ သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Hon Marise Payne ၊ ဒိန်းမတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး Mr. Rasmus Prehn ၊ နော်ဝေနိုင်ငံခြားရေး ဝန်ကြီး Ms. Eriksen Søreide ၊ ဗင်နီဇွဲလား ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Mr. Ruben Dario Molina ၊ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် Ms. Virginia Gamba နှင့် ပဋိပက္ခအတွင်း အမျိုးသမီး အကြမ်းဖက်မှု ဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Pramila Patten ၊ ဥရောပသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore နှင့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ဥက္ကဋ္ဌ Mr. Borge Brende တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၆ ရက်တွင် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်အတွင်း မြန်မာ-နော်ဝေ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေးညှိနှိုင်း ဆွေးနွေးပွဲများ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၄ ရက်တွင် ဥရောပသမဂ္ဂမှ တည်ခင်းသည့် ဧည့်ခံပွဲနှင့် ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ ပင်လယ် ကြမ်းပြင်အာဏာပိုင်အဖွဲ့ အတွင်းရေးမှူးချုပ်မှ တည်ခင်းသည့် နေ့လယ်စာစားပွဲတို့သို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာစာချုပ် စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနား (Treaty Event 2019) သို့ တက်ရောက်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (CRC-OPAC) သို့ မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်ရေးစာချွန်လွှာ (Instrument of Ratification) ကို စာချုပ် ထိန်းသိမ်းသူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံသို့ ကုလသမဂ္ဂ ဥပဒေရေးရာဌာန အကြီးအကဲမှ တစ်ဆင့် ပေးအပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၃၀ ရက်တွင် ဗွီအိုအေမြန်မာပိုင်း အစီအစဉ်၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် Asia Society Policy Institute မှ Managing Director ဖြစ်သူ Ms. Debra Eisenman အား လက်ခံတွေ့ဆုံကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအခြေအနေနှင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေ တို့အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

Similar News