ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (၂၃)ကြိမ်မြောက် စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်သို့ တက်ရောက်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၁၀

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့သည်(၂၃) ကြိမ်မြောက် စိန့်ပီတာစဘတ်စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဇွန် ၄ ရက်တွင် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်၍ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် မြန်မာသံရုံး၊ မော်စကိုမြို့မှသံအမတ်ကြီး ဦးကိုကိုရှိန်တို့ပါဝင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ဇွန် ရက်မှ ရက်အထိ ကျင်းပသည့် (၂၃)ကြိမ်မြောက် စိန့်ပီတာစဘတ်စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်ဇွန် ရက် မွန်းလွဲ နာရီတွင် (၂၃)ကြိမ်မြောက် စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်၏ “Plenary Session” သို့ ပါဝင်တက်ရောက်ကြသည်။

Plenary Sessionတွင် ရုရှားသမ္မတ  Mr. Vladimir Putin၊ တရုတ်သမ္မတ Mr. Xi Jinping၊ ဘူဂေးရီးယားသမ္မတ Mr. Rumen Radev၊အာမေးနီးယန်းဝန်ကြီးချုပ် Mr. Nikol Pushinyan၊ ဆလိုဗက်ကီးယားဝန်ကြီးချုပ် Mr. Peter Pellegrini နှင့်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonia Guterresတို့က မိန့်ခွန်းပြောကြားကြသည်။

မိန့်ခွန်းပြောကြားပြီးနောက် အမေးအဖြေဆွေးနွေးပွဲကို နှစ်နာရီကြာမျှ ဆွေးနွေးဖြေကြားမှုများ ပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ညနေ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Sergey Lavrov အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၌သွားရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှားစီးပွားရေးတိုးမြှင့်ရေးနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံ- ရုရှားပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးကြသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး အစိုးရသစ်တာဝန်ယူပြီးချိန်မှစ၍ ရခိုင်အရေးကိစ္စကို ဖြေရှင်းရန်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဖြစ်သူမစ္စတာ ကိုဖီအာနန် ဦးဆောင်သည့်ရခိုင် ပြည်နယ် အကြံပေးကော်မရှင်တို့ကိုဖွဲ့စည်းထူထောင်ခဲ့ပါကြောင်း၊ ARSA  အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများသည်အစိုးရ၏ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့်စည်ပင်ဖွံ့ ဖြိုးရေး ဆောင်ရွက်မှုများကိုသွေဖည်စေရန် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ လူဦးရေအဆမတန်များပြားလှသော ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံတို့သည် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိရာ တရားမဝင်ရွှေ့ပြောင်းသွားလာမှုသည် ရှေးယခင်ကတည်းကရှိခဲ့ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား နေရပ်စွန့်ခွာသူများပြဿနာသည် ယခုမှမဟုတ်ဘဲ ယခင်ကလည်းနှစ်ကြိမ်ရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါနှစ်ကြိမ်တွင် ပြဿနာကို နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုဖြင့် ကျေနပ်စွာဖြေရှင်းခဲ့ကြကြောင်း၊ ယခုပြဿနာတွင်လည်းလက်ရှိနှစ်နိုင်ငံ သဘောတူညီချက်အတိုင်း မြန်မာနိုင်ငံဘက်မှ အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း တစ်ဖက်နိုင်ငံအနေဖြင့် အပြည့်အဝပူးပေါင်းဆောင်ရွက်မှု မရှိပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် အိမ်နီးချင်း နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်သွားရန် ဆန္ဒရှိပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စတွင် အာဆီယံနှင့်လည်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံကဆောင်ရွက်ထားရှိမှုများ၊ ပြင်ဆင်မှုများနှင့်ပတ်သက်၍ အာဆီယံ AHA
Centre မှ စနစ်တကျ အချက်အလက်ကောက်ခံပြီး၊ ကနဦးလေ့လာဆန်းစစ်ချက်စာတမ်းကို ထုတ်ပြန်ခဲ့ပါကြောင်း၊အဆိုပါ ဆန်းစစ်ချက်သည် မြန်မာနိုင်ငံ၏ဆောင်ရွက်ထားရှိမှုများအပေါ် သက်သေခံနိုင်ပါကြောင်း၊ ယခုအချိန်အထိမြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားနှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည်ရောက်ရှိလာသည့် နေရပ်စွန့်ခွာသူများမရှိသေးပါကြောင်း ဆွေးနွေးပြောကြားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sergey Lavrovက ရခိုင်ကိစ္စဖြေရှင်းရန်အတွက်မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နှင့်နှစ်နိုင်ငံ သဘောတူညီချက်ချုပ်ဆိုမှု၊နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန်ကိစ္စတွင် အာဆီယံ၏ပူးပေါင်းဆောင်ရွက်နေမှုနှင့် UNDPUNHCR တို့နှင့်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရ၍ဝမ်းမြောက်ပါကြောင်း၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းတည်ထောင်မှုကို တန်ဖိုးထားပါကြောင်းဖြင့် ပြောကြားခဲ့သည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန်ကိစ္စကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း၊နိုင်ငံတကာအနေဖြင့်လည်း နှစ်နိုင်ငံအကြား စီစဉ်ထားရှိမှုများ အောင်မြင်ရန်အတွက် ပံ့ပိုးပေးသင့်သည်ဟုလည်းခံယူကြောင်းဖြင့် ပြောကြားပြီးနိုင်ငံတကာမျက်နှာစာတွင် ရုရှားဖက်ဒရေးရှင်းအနေဖြင့် အလေးထားသည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ရပ်တည်မဲပေးမှုများ အတွက်လည်းကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကိုကိုရှိန်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။