နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Jeju Free International City Development Center တို့မှကြီးမှူး၍ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျယ်ဂျူးမြို့၊ International Convention Center (ICC) ၌ ကျင်းပပြုလုပ်သည့် (၁၄)ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ် (14th Jeju Forum for Peace & Prosperity 2019) သို့ ၂၉-၅-၂၀၁၉ ရက်နေ့မှ ၃၀-၅-၂၀၁၉ ရက်နေ့အထိ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ၂၉-၅-၂၀၁၉ ရက်နေ့၊ ညနေပိုင်းတွင် ဂျယ်ဂျူး အုပ်ချုပ်ရေးမှူး (Governor) Mr. Won Heeryong မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ နှင့် ၃၀-၅-၂၀၁၉ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်သည့် (၁၄)ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ၃၀-၅-၂၀၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည့် New Southern Policy, Achievements and Challenges over the Past Two years: In the Aspect of Foreign and Security Policy ခေါင်းစဉ်ဖြင့် သီးသန့်ဆွေးနွေးပွဲ၌ Keynote Speaker အဖြစ် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်မိန့်ခွန်းစကား ပြောကြားရာတွင် ကိုရီးယားသမ္မတနိုင်ငံ၏ New Southern Policy ၏ အကျိုးရလဒ်များ၊ အာဆီယံ-ကိုရီးယားစီးပွားရေး နှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတမွန်ဂျေအင်းအစိုးရ၏ ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် မြန်မာနိုင်ငံအနေဖြင့် အစဉ်အမြဲ အားပေး ထောက်ခံ လျက် ရှိသည်များ၊ မြန်မာနိုင်ငံ၌ ကိုရီးယားစီးပွားရေးကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်သွားရေး ကိစ္စရပ်များ၊ မြန်မာ-ကိုရီးယားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားရေး ကိစ္စရပ်များအား ထည့်သွင်း ပြောကြားခဲ့သည်။
(၁၄)ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ်သို့ ဩစတြီးယားနိုင်ငံ သမ္မတဟောင်း Mr. Heiz Fischer ၊ ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Malcolm Trunbull၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Yukio Hatoyama ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Li Zhaoxing ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr. Marty Natalegawa၊ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့လည်း တက်ရောက်ခဲ့သည်။
၃၀-၅-၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည့် (၂၅)ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ 25th International Conference on Future of Asia သို့ တက်ရောက်ရန်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။