ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန


“မောင်တောဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာသတင်းထုတ်ပြန်ချက်”

၁၃၇၉ ခုနှစ် ဝါခေါင်လပြည့်ကျော် ၄ရက်
(၂၀၁၇ ခုနှစ် သြဂုတ်လ ၁၁ ရက်)

၁။ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်ဖက်အသိုင်းအဝိုင်းအကြား ရင်ကြားစေ့ရေးတို့အတွက် ရေတိုရေရှည်အစီအမံများဖြင့် ဖြေရှင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြည်တွင်း၊ ပြည်ပအကူအညီများပေးအပ်နေမှုများ အပါအဝင် အခြေခံအဆောက်အဦများ တိုးတက်တည်ဆောက်ရေးကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်း လမ်း၊ တံတားများ တည်ဆောက်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေးကိုလည်း ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိပါသည်။

၂။ လက်ရှိတွင် ရခိုင်ပြည်နယ်ရှိမြို့နယ်(၂၀)ရှိသည့်အနက် (၁၃)မြို့နယ်နှင့် ဆက်စပ်ကျေးရွာပေါင်း (၁၈၄) ရွာတို့တွင် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေနိုင်ပြီဖြစ်ကာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ဒီဇယ်ဆီ သုံးဓာတ်အားပေးစက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် မြို့ရွာများသို့ နိုင်ငံတော်လျှပ်စစ်ဓာတ်အားပေးစနစ်မှ ရယူဖြန့်ဖြူးပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ကနဦး စူးစမ်းတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်မည့် အဖွဲ့တစ်ဖွဲ့အား ယနေ့ ‎၁၁-၈-၂၀၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ စေလွှတ်ပြီးဖြစ်ကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိပါသည်။

၃။ ထို့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ရေရှည် အစီအမံများ ချမှတ်လုပ်ဆောင်နေသကဲ့သို့ ဒေသတွင်းလက်ရှိအခြေအနေများအရ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်တွေခရိုင်နှင့် မောင်တောခရိုင်အတွင်းရှိ ဆက်စပ်သော လမ်း၊ တံတားများနှင့် မေယုတောင်တန်း အရှေ့ဘက်၊ အနောက်ဘက် ဆက်သွယ်သည့် တောင်ကျော်လမ်းများ၊ လမ်းကွန်ယက်များကိုလည်း ဦးစားပေး လုပ်ဆောင်လျက်ရှိပါသည်။

၄။ ဤသို့ ဆောင်ရွက်လျက်ရှိသော်လည်း ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အစွန်းရောက်အကြမ်းဖက် များက အကြမ်းဖက်သတ်ဖြတ်မှုများ တိုးမြှင့်ဆောင်ရွက်လာခဲ့ရာ သြဂုတ်လ ၉ ရက်နေ့အထိ သေဆုံးသူ ၅၉ ဦး၊ ပျောက်ဆုံးနေသူ ၃၃ ဦးအထိ ရှိလာခဲ့ပါသည်။ မောင်တောခရိုင်အတွင်း အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သူများ၊ သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သူများ အပါအဝင် အစ္စလာမ်ဘာသာဝင် အများအပြားကို သတ်ဖြတ်ခဲ့ပြီး ယခုနောက်ဆုံး မြိုတိုင်းရင်းသား(၇)ဦးကို သတ်ဖြတ်လာခဲ့ပါသည်။ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွင်လည်းကောင်း၊ ဒေသတည်ငြိမ်ရေးအတွက် လည်းကောင်း နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုနိုင်စေရန် သတ်ဖြတ်ခြိမ်းခြောက်နေခြင်းဟု ယူဆရပါသည်။ ဤရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုကို ပြင်းထန်စွာရှုတ်ချပါသည်။

၅။ နိုင်ငံတော်အစိုးရအနေဖြင့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတိထား၍ ဆောင်ရွက် နေသည်ကို အခွင့်ကောင်းယူကာ ဤသို့ အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်ဆောင်ရွက်လာခြင်းကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ပါသည်။ အပြစ်မဲ့အရပ်သား ပြည်သူများကို အကာအကွယ်ပေးနိုင်ရေး အတွက် လုံခြုံရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သလို အစွန်းရောက်အကြမ်းဖက်များ၊ အစွန်းရောက် အားပေးကူညီသူများ အားလုံးကိုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ဒေသတွင်းတိုးမြင့်လာသည့် အကြမ်းဖက်မှုဖြစ်စဉ်များ ရပ်တန့်ချုပ်ငြိမ်းရေးနှင့် လုံခြုံတည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက် လျက်ရှိပြီး လိုအပ်သည့်ဒေသများတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၆။ သို့ပါ၍ တိုင်းရင်းသားပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဆွေ နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့က အစွန်းရောက်အကြမ်းဖက် ဆန့်ကျင်ခြင်းဖြင့် ထောက်ခံမှု ပြသကြပါရန် တိုက်တွန်းအပ်ပါသည်။

Similar News