နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ

နေပြည်တော် ဇွန် ၂၆

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁)နှစ်တာကာလအတွင်း ဆောင်ရွက် ခဲ့မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပထမဦးဆုံးအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားလိုပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို  ၂၀၁၆ ခုနှစ် ဧပြီ ၆ ရက်တွင် ပြဌာန်းခဲ့ပါကြောင်း၊ ထိုပြဌာန်းချက်မှ ပုဒ်မ ၃ ပြဋ္ဌာန်းချက်တွင် စုစုပေါင်း လုပ်ငန်းတာဝန် လေးရပ်ရှိပါကြောင်း၊ နံပါတ်တစ် သည် ပါတီစုံဒီမိုကရေစီထွန်းကားရေး၊ နံပါတ်နှစ် ဈေးကွက်စီးပွားရေးစနစ် ထွန်းကားရေး၊ နံပါတ်သုံး သည် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးနှင့် နံပါတ်လေးသည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေအရ အပ်နှင်းထားသည့် တာဝန်လေးရပ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချမှတ် ပေးထားသည့် မူဝါဒများကိုအကောင်အထည်ဖော်သည့်အခါ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအကြားတွင် ပေါင်းစပ်ညှိနှိုင်းပေးရသည့် အထောက်အကူပြု ဝန်ကြီးဌာနဖြစ်ပါကြောင်း။

မိမိတို့ ဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးရုံး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာနနှင့် မူဝါဒရေးရာဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါဌာနသုံးခုတွင် ညွှန်ကြားရေးမှူးချုပ် တစ်ဦးစီဖြင့် စုစုပေါင်း ညွှန်ကြားရေးမှူးချုပ် သုံးဦး ရှိပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာနအနေဖြင့် NRPC ဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရပါ ကြောင်း၊ လက်ရှိအစိုးရ လက်ထက်စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ စတင်စဉ်ကတည်းကပင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သည့် Stakeholder များနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပါကြောင်း၊ ထို့ပြင် EAO ၊ နိုင်ငံရေးပါတီများ စသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပါဝင်ပတ်သက်သူများနှင့် ဆွေးနွေးညှိနှိုင်းမှုများကို ဆောင်ရွက်ခဲ့ပြီး NRPC ကို ဖွဲ့စည်းခဲ့ပါ ကြောင်း။

NRPC ဥက္ကဋ္ဌသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပါကြောင်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် နိုင်ငံတော် အတိုင်ပင်ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားပါကြောင်း။

NRPC ဖွဲ့စည်းမှုသည် ပြည်လည်သင့်မြတ်ရေးကို ရှေးရှုပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ NLD စသည်ဖြင့် ပါဝင်ပါကြောင်း၊ NRPC အောက်တွင် ငြိမ်းချမ်းရေး ကော်မရှင်ကို ဖွဲ့စည်းထားပြီး ဒေါက်တာတင်မျိုးဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါကြောင်း၊ အတွင်းရေးမှူးသည် ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌသည် ယခင် ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် CEC  ဟောင်း ဦးသိန်းဇော် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ကော်မရှင်သည် ပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်နှင့်ပင် ဖွဲ့စည်းထား သည်ကို တွေ့ရှိနိုင်ပါကြောင်း၊ အထူးသဖြင့် လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သုံးသပ်ကြည့်လျှင် ပါဝင်သူများ အားလုံးသည် NCA ကို အခြေခံသည် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အားလုံးက လက်ခံတင်ပြကြပါကြောင်း၊ ထိုအပေါ်တွင်  သုံးသပ်၍ Peace Architecture ကို ရေးဆွဲပါကြောင်း။

ထိုသို့ ရေးဆွဲပြီး NCA ရေးထိုးပြီး အဖွဲ့များနှင့် ညှိနှိုင်းရန်၊ NCA မထိုးရသေးသည့် အဖွဲ့များနှင့် ညှိနှိုင်းရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့‌လုပ်ဆောင်ရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံသည် NCA လမ်းပြမြေပုံ အဆင့် ၇ ဆင့်တွင် အဆင့် ၆၊ ဆဌမမြောက် အဆင့်ဖြစ်ပါကြောင်း၊ ထိုအဆင့်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပ၍ အကောင်အထည်ဖော်ရန် ဦးတည် ဆောင်ရွက်ခဲ့ပါကြောင်း။

လတ်တလောကာလသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး   ကျင်းပရန် ပြင်ဆင်နေသည့် ကာလဖြစ်ပါကြောင်း၊ ထိုအပိုင်းတွင် (၂၁) ရာစုပင်လုံအဖွင့်တွင် အားလုံးသိရှိပြီးသည့်အတိုင်း NCA ရေးထိုးပြီးအဖွဲ့များ၊ မထိုးရ သေးသည့် အဖွဲ့မှ KIO ဥက္ကဋ္ဌ တို့လည်း ပါဝင်ပါကြောင်း၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်လည်း တက်ရောက်ခဲ့ပါကြောင်း၊ ထိုညီလာခံတွင် နိုင်ငံရေး ဆွေးနွေး ပွဲများ စတင်နိုင်ခြင်းမရှိဘဲ စာတမ်းများ ၇၂ စောင် တင်သွင်းခဲ့ပါ ကြောင်း။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် နိုင်ငံရေး ဆွေးနွေးပွဲများဖြင့် ဆွေးနွေးသည့် အဆင့်ကို ရောက်ရှိခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁) ကိုရရှိခဲ့ပါကြောင်း၊ သဘောတူစာချုပ် အစိတ်အပိုင်း (၁) တွင် သဘောတူညီချက် (၃၇) ချက်ရှိပါ ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးတွင် သဘော တူညီချက် (၁၄) ချက်ရရှိခဲ့ပါကြောင်း။

လတ်တလောကာလဖြစ်သည့် ဇွန် ၂၃၊ ၂၄ နှင့် ၂၅ ရက်များတွင် ရန်ကုန်မြို့ရှိ NRPC တွင် NCA Secretary EAO များနှင့် ဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များ ရရှိခဲ့သလို သဘောတူညီချက်များအပေါ်မှ Timeline များ လျာထားနိုင်ခဲ့ပါကြောင်း။

 အထူးသဖြင့် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ဩဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပနိုင်ရန် နှစ်ဖက်ညှိနှိုင်းကာ အလုပ်အဖွဲ့၏ သဘောထား စုစည်းချက်အဖြစ် ရရှိခဲ့ပါကြောင်း၊ ညှိနှိုင်းမှုတွင် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ် သုံးဦး၊ အစိုးရဘက်မှ NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်တက် ရောက်ခဲ့ပါကြောင်း။

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများကိုလည်း တင်ပြလိုပါကြောင်း၊  NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် မူဝါဒ လမ်းညွှန်ချက်များ ပါရှိပါကြောင်း၊ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် သုံးခုကို ထုတ်ဖော်ခဲ့ပါကြောင်း။

အဆိုပါ လုပ်ငန်းစဉ် သုံးရပ်၏ ပထမလုပ်ငန်းစဉ်မှာ လာမည့်ညီလာခံတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို မည်သည့်ပုံစံဖြင့် ချုပ်ဆိုမည်ကို ရှင်းပြခဲ့ပါကြောင်း။

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ တွင် အပိုင်း သုံးပိုင်း ပါဝင်မည်ဖြစ်ပြီး NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ ရွေးကောက်ပွဲအလွန် အဆင့်အလိုက် အကောင်အထည်ဖော်မှု၊ ဖယ်ဒရယ် တည်ဆောက် ရေးဆိုင်ရာများကို အဆင့်အလိုက် လုပ်ငန်းစဉ်၊ အကောင်အထည် ဖော်မှုများဖြင့် သဘောတူညီချက်များ ရယူသွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် ဒုတိယလုပ်ငန်းစဉ်မှာ NCA မထိုးရသေးသည့်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်း ကာ NCA ထီးရိပ် အောက်သို့ရောက်ရှိအောင်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ တတိယလုပ်ငန်းစဉ်မှာ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် အသီးအပွင့်များ Development for Peace (D for P)  ရရှိခံစားနိုင်စေရန် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေဒေသ ဖွံ့ဖြိုးရေးအတွက် ယခင်က လက်နက်ကိုင် ပဋိပက္ခများကြောင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လူမှုစီးပွားစသည်တို့ကို ကောင်းမွန်စွာ မဆောင်ရွက်နိုင်ပါကြောင်း၊ ထိုအတွက် အစိုးရအနေဖြင့် ကမ်းလှမ်းခဲ့ပြီး တရားဝင် ဖိတ်ခေါ်ခဲ့ကာ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက် လျက်ရှိပါ ကြောင်း။

ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း (၃)၏ အပိုင်း ၁ ဖြစ်သည့် NCA အကောင်အထည်  ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်အတွက် ယခင်က သဘောတူညီချက် ၁၀ချက် ရရှိထားပြီး ဖြစ်ပါကြောင်း၊ ဇွန် ၂၅ ရက်က ပြီးစီးခဲ့သည့် အစည်းအဝေးမှ ညှိနှိုင်းဆွေးနွေးမှုအရ ၅ ချက် ထပ်မံရရှိပြီး စုစုပေါင်း ၁၅ချက် ထပ်မံထည့်သွင်းနိုင်မည့် အခြေအနေရရှိခဲ့ပါကြောင်း၊ ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း ၃ ၏ အပိုင်း (၂) တွင် ၂၀၂၀ ရွေးကောက်ပွဲအလွန် အဆင့်အလိုက် လုပ်ငန်းစဉ်၊ အဆင့်အလိုက် အကောင်အထည်ဖော်မှုများ နှင့်ပတ်သက်၍ ခေါင်းစဉ်ကြီး ၈ ခုကို သဘောတူနိုင်ခဲ့ပြီး အထူးသဖြင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းနှင့် ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့ပါကြောင်း။

အဆိုပါ ၈ ချက်ကို ဆောင်ရွက်သွားရန် အဆင့်အလိုက် ဆောင်ရွက်သွားမည်ဟု သဘောတူညီခဲ့ပြီး အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် စတင်မည့် ဖက်ဒရယ်အခြေခံများ ကို တည်ဆောက်ခြင်းနှင့် နောက်တစ်ဆင့်အနေဖြင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့နောက် ဖက်ဒရယ်ခိုင်မာရေးကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တစ်ဖက် ညှိနှိုင်းဆွေးနွေးမှုတွင်လည်း အဆင့် ၃ ဆင့်ရှိပါကြောင်း၊ ပထမအနေဖြင့် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းသည့် အဆင့်ကို ဆောင်ရွက်ကာ သဘောတူညီချက်များ ရရှိလာပါက ရရှိလာသည့် အခြေခံမူများအပေါ်တွင် အခြေခံသွားမည်ဖြစ်ပါကြောင်း၊ ဒုတိယ Technical Negotiation ဖြစ်ကြောင်း၊ ယင်းနောက် နောက်တစ်ဆင့်၌ အသေးစိတ်အကောင်အထည်ဖော်သည့် အဆင့်ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာမှာလည်း တစ်ဆင့်ချင်းသွားမည် ဖြစ်ပါကြောင်း၊ အဆင့်အလိုက် သဘောတူညီမှုများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ တစ်ဆင့်ချင်း ဆွေးနွေးအကောင်အထည်ဖော်သွားရာတွင် ဥပမာအားဖြင့် တိုင်းရင်းသားများလိုလားနေသည့် State Constitution ပြည်နယ်များ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကိစ္စများ မည်သည့်အချိန်တွင် ပေးမည်ဆိုသည်ကဲ့သို့သော ကိစ္စရပ်များကို ညှိနှိုင်းသည့်အခါ ကျေနပ်အားရဖွယ် အနေအထားသို့ ရောက်ရှိလာပါကြောင်း။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)၏ အပိုင်း (၃)တွင် ဖက်ဒရယ် အခြေခံမူများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းတွင် ပါရှိသည့် လမ်းညွှန်ချက် ၅ ချက် ဖြစ်ပါကြောင်း၊ နံပါတ်တစ်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အ‌ခြေခံသည့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရန်၊ နံပါတ်နှစ်မှာ ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ အခွန်ခွဲဝေမှု (Power Sharing, Resource Sharing, Tax Sharing) ရှိရန်၊ နံပါတ်သုံးမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဖက်ဒရယ်ယူနစ်များ အားလုံးသည် တန်းတူညီတူ ရှိစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဖက်ဒရယ် ယူနစ်များ မှ ဖွဲ့စည်းပုံအခြေခံသည် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန် ဆန့်ကျင် ခြင်းမရှိစေဘဲ ရေးဆွဲခွင့်ရှိရန်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် အာဏာ ခွဲဝေကျင့်သုံးသည့်အခါ ပြည်သူလူထုအခြေခံရန်နှင့် ဒီမိုကရေစီနည်းလမ်း နှင့်အညီ အာဏာအပ်နှင်းရန်တို့ ဖြစ်ပါကြောင်း။

အဆိုပါ ၅ ချက်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး အဆိုပါအချက်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ခြွင်းချက်မရှိ လက်ခံသဘော တူညီခဲ့ပါ ကြောင်း၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၃) ကို ညှိနှိုင်းဆွေးနွေးမှုတွင် EAO များ၏ အဆိုပြုမှုသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပါ ၅ ချက်ကို အခြေခံဆွေးနွေးရန် ဖြစ်ပါကြောင်း။

အဆိုပါ ၅ ချက်သည် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် ကြီးမားသည့် သဘောတူညီချက်များ ရရှိနိုင်ကြောင်း၊ အစိုးရနှင့် တပ်မတော်မှလည်း လက်ခံပါကြောင်း၊ ထိုအပေါ်တွင် အခြေခံဆွေးနွေးရင်း ဖြင့် ထပ်မံ၍ EAO ဘက်မှ တင်သွင်းလာသည့် အချက်များရှိပါကြောင်း၊ နောက်ဆုံးအခြေအနေတွင် ဖက်ဒရယ်မူ စုစုပေါင်း အချက် ၁၁ ချက်ကို ညှိနှိုင်းနေပါကြောင်း၊ ညှိနှိုင်းနေသည့် ၁၁ ချက်သည် ပြီးပြတ်ခြင်းမရှိ သေးသော်လည်း နှစ်ဖက် နောက်ဆုံး သဘောထားစုစည်းချက်များသည် နောက်ဆုံး အစည်းအဝေးတွင် သဘောတူညီချက်ရရှိနိုင်သည့် အနေအထားများ ရှိနေပြီ ဖြစ်ပါကြောင်း။

တစ်ဆက်တည်းမှာပင် ဇွန် ၂၅ ရက် ညနေပိုင်း EAO များနှင့် အစည်းအဝေး ပြီးချိန်တွင် UPDJC  နိုင်ငံရေးပါတီကိုယ်စားလှယ်များကို ရှင်းလင်းပြောပြခဲ့ပါကြောင်း၊ အဘယ်ကြောင့် ဆိုသော်  ညီလာခံကျင်းပသည့်အခါ UPDJC သည် နိုင်ငံရေးဆွေးနွေးပွဲများကို ဦးဆောင်လမ်းညွှန် ကြီးကြပ်ရမည်ဟု NCA ပြဌာန်းချက်ရှိပါကြောင်း၊ UPDJC သည် နိုင်ငံရေးဆွေးနွေးပွဲအပိုင်းကို ဆောင်ရွက်သည့်အတွက် ညီလာခံကျင်းပလျှင် နိုင်ငံရေးပါတီများ၏ ပါဝင်မှု၊ နိုင်ငံရေးပါတီများ၏ သဘောထားများ ပါဝင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် EAO များနှင့် အစိုးရ နှစ်ဖက် ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပါကြောင်း၊ အလွတ်သဘော အစည်းအဝေးများ၊ တရားဝင် အစည်းအဝေးများမှ ယခု လမ်းကြောင်းပေါ် ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ အဆိုပါအခြေအနေများကို နိုင်ငံရေး ပါတီများ ကို  ရှင်းလင်းပြခြင်းဖြစ်ပါကြောင်း။

နောက်အပိုင်းတစ်ခုမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအပိုင်းဖြစ်ပါကြောင်း၊ NCA ကို ပြန်ပြီးခွဲလိုက်လျှင် နိုင်ငံရေးပိုင်း၊ တပ်ပိုင်းဆိုင်ရာ နှစ်ပိုင်း ပါဝင်ပါကြောင်း၊ NCA  မှ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအပိုင်းကို UPDJC က တာဝန်ယူပါကြောင်း၊ တပ်ပိုင်း ဆိုင်ရာများကို JMC က တာဝန်ယူပါကြောင်း၊ တစ်ဖက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်၊ အစိုးရကြားတွင် ယုံကြည်မှု အားနည်းခဲ့ သည်လည်း ရှိခဲ့ပါကြောင်း၊ ထို့ကြောင့်ပင် JMC-U အစည်းအဝေးများ မကျင်းပနိုင်ခဲ့သည်မှာ ၁ နှစ်နှင့် ၁၀ လ ရှိခဲ့ပြီဖြစ်ပါကြောင်း။

ယင်းကို မိမိတို့ကြားတွင် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲမှုခိုင်မာရေးဆိုင်ရာ အလုပ်အဖွဲ့ ဆိုပြီး အစိုးရနှင့် NCAs EAO တို့ ဆွေးနွေးပါကြောင်း၊ အထူးသဖြင့် NCA လက်မှတ်ရေးထိုးပြီးသည့် အချိန်တွင် NCA အခန်း-၃ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပိုင်း၊ NCA အခန်း-၄ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမှု ခိုင်မာရေး အပိုင်း ယင်းနှစ်ပိုင်းမှာ တချို့ အပိုင်းများကို မဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မဆောင်ရွက်နိုင်ခဲ့သည့် အတွက် ကြားကာလတွင် NCA အကောင်အထည်ဖော်မှုအပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံထိ ရောက်လာသော်လည်း နှစ်ဘက်တပ်များကြား တွင် ညှိနှိုင်းရမည့် နယ်မြေသတ်မှတ်ချက်ကိစ္စ၊ CoC ၊ နှစ်ဖက်တပ်များ ပဋိပက္ခမဖြစ်ပွားအောင် မည်သို့ ရှောင်မည်ဆိုသည့် သတ်မှတ်ချက်များ၊ ဥပမာအားဖြင့် ကင်းထောက်၊ ကင်းလှည့်သည့် အချိန်မှာ မည်သို့သွားမည်၊ အပစ်ရပ်နယ်မြေများ မည်သို့သတ်မှတ်မည် ယင်းအရာများကို မလုပ်ဆောင်နိုင်ခဲ့ပါ ကြောင်း၊ မလုပ်ဆောင်နိုင်ခဲ့သဖြင့် ရေရှည်ဖြစ်လာသည့်အချိန်တွင် အငြင်းပွားမှုများ၊ မပြီးပြတ်သေး သည့် ကိစ္စများကြောင့် အောက်ခြေတွင်ထိတွေ့မှုများဖြစ်ပါကြောင်း၊ ယင်းမှတဆင့် နိုင်ငံရေးဆွေးနွေးပွဲ များအပေါ် သက်ရောက်မှု ရှိပါကြောင်း။

အလားတူ နိုင်ငံရေးဆွေးနွေးပွဲများတွင် Dead Lock ဖြစ်သည့် အနေအထားများကြုံပါကြောင်း၊ ယင်းသို့ကြုံတွေ့လာရာ တစ်ဘက်တွင်လည်း ယုံကြည်မှု ကျဆင်းကာ နှစ်ဖက်တပ်များကြားတွင် ထိတွေ့မှုများ ပြန်ဖြစ်လာပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပိုင်းနှင့် တပ်ပိုင်းဆိုင်ရာ နှစ်ဘက်မှာ အပြန်အလှန် သက်ရောက်မှုများ ရှိနေသည်ကို တွေ့ရပါကြောင်း၊ ယင်းကိုလည်း နှစ်ဘက်စလုံးမှ လက်ခံပါကြောင်း၊ လက်ခံသည့်အတွက် နှစ်ဘက်ဆွေးနွေးကြပါကြောင်း၊ ဆွေးနွေးရာတွင် ယခင်တုန်း က NCA လက်မှတ်ထိုးပြီး အကောင်အထည် မဖော်နိုင်ခဲ့သည့် NCA အခန်း-၃ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပိုင်း၊ NCA အခန်း-၄ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ အပိုင်းများတွင် ပြန်ညှိပါကြောင်း၊ ညှိနှိုင်းပြီး NCA အခန်း-၃၊ အခန်း-၄ နှစ်ခန်းစလုံးကို ပြန်ဆွေးနွေးရန် မလိုဘဲ မည်သည့်အချက်များကို ဆွေးနွေးရန်လိုသည်ကို ဆွဲထုတ်ကာ ညှိနှိုင်းပါကြောင်း၊ ဆွဲထုတ်လိုက်သည့် အချက်များက နှစ်ဦးနှစ်ဘက် တပ်မတော်နှင့်ဆွေးနွေးရမလား၊ တပ်မတော်-အစိုးရ နှင့်အတူ ဆွေးနွေးမလား၊ တပ်မတော်-အစိုးရ-လွှတ်တော် ပါဝင်ကာ ဆွေးနွေးမလား စသည့် ဆွေးနွေးမည့်ပုံစံ များကို ညှိနှိုင်းပါကြောင်း၊ ထို့သို့ ညှိနှိုင်းပြီး ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ တနင်္လာနေ့တွင် နှစ်ဘက် သဘောတူညီမှုရရှိကာ JMC - U အစည်းအဝေးများကို လာမည့် ဇူလိုင် ၇၊ ၈ ရက်နေ့များတွင် ကျင်းပရန် သဘောတူညီမှု ရရှိခဲ့ပါကြောင်း၊ နိုင်ငံရေးပိုင်းတွင်လာမည့် ဇူလိုင်လ ၂၊ ၃၊ ၄ ရက် များတွင် ပြန်လည် ဆွေးနွေးရမည့်အပိုင်းများကို ဆွေးနွေးညှိနှိုင်းရန် သဘောတူထား ပါကြောင်း။

ညီလာခံသို့ သွားမည့်အနေအထားတွင်  NCA လက်မှတ်ထိုးထားသည့် အဖွဲ့များ အကြားတွင် လာမည့်  ဇူလိုင် ၂၊၃၊၄ တစ်ကြိမ်တွေ့ဆုံပြီး ဇူလိုင်လ တတိယပတ်အတွင်း ထပ်မံတွေ့ဆုံမည် ဖြစ်ပါကြောင်း၊ ယင်းနောက် JICM အစည်းအဝေးများကို ဩဂုတ်လ ပထမပတ်တွင် နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊အလားတူJICMအစည်းအဝေးအားဩဂုတ်လပထမပတ်တွင် တစ်ဆက်တည်း ကျင်းပမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် UPDJC အတွင်းရေးမှူးများ အစည်းအဝေးများနှင့် UPDJC အစည်းအဝေးများကို ဩဂုတ်လ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ပါကြောင်း၊ ဩဂုတ်လ ဒုတိယပတ် တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရန် သဘောတူညီ နိုင်ခဲ့ပါကြောင်း။

အထူးသဖြင့် အဘယ်ကြောင့် JICM နှင့် ညီလာခံဆက်စပ်ကျင်းပရခြင်းမှာ ယခု လောလောဆယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ကာလဖြစ်ပါကြောင်း၊ ယင်းကာလတွင် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း၊စည်းကမ်း သတ်မှတ်ချက် Protocol များနှင့်အညီ ကျင်းပရခြင်းဖြစ်သည့်အတွက် ကိုယ်စားလှယ်များ ခရီးသွားလာရေး အကန့်အသတ် ရှိပါကြောင်း၊ တချို့မှာ ထိုင်းနိုင်ငံတွင် ရှိပါ ကြောင်း၊ ခေါင်းဆောင်များ လာရောက်ရန် ခရီးသွား လာမှု အကန့်အသတ်ရှိကြောင်း၊ ယမန်နေ့က သတင်းများတွင် ထိုင်းနိုင်ငံ၌ အရေးပေါ် အခြေအနေသတ်မှတ်ချက် တစ်လတိုးသည်ကို သိရပါကြောင်း။

ယင်းအကန့်အသတ်များအကြားတွင် ကျင်းပရမည် ဖြစ်သည့်အတွက် ကိုယ်စားလှယ် ဦးရေအချိုးအစား သုံးပုံတစ်ပုံ လျှော့ချခဲ့ပါကြောင်း၊ လျှော့ချမည်ဟု အစိုးရက အဆိုပြုပါကြောင်း၊ ယင်းကို EAOများ ဘက်မှ မူအားဖြင့် သဘောတူပါကြောင်း၊ ပုံမှန်အားဖြင့် ညီလာခံများကို ကျင်းပရာတွင် ကိုယ်စားလှယ်စုစုပေါင်း ၇၀၀ဦး ရှိပါကြောင်း၊ အစိုးရ-လွှတ်တော်အစုအဖွဲ့မှ ၁၅၀ ဦး၊ တပ်မတော် အစုအဖွဲ့ မှ ၁၅၀ဦး၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့မှ ၁၅၀ဦး၊ နိုင်ငံရေးပါတီအစုအဖွဲ့မှ ၁၅၀ ဦး၊ ပါဝင်သင့် ပါဝင်ထိုက်သူ အစုအဖွဲ့မှ ၅၀ ဦးနှင့် လက်နက်ကိုင် မဟုတ်သည့် တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ဦး စုစုပေါင်းညီလာခံ ကိုယ်စားလှယ် ၇၀၀ ရှိပါကြောင်း၊ သုံးပုံတစ်ပုံ လျှော့ချမည်ဟု စဉ်းစားသည့်အခါ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ၁၀ ရှိပါကြောင်း၊ တစ်ဖွဲ့ကို ၅ ဦးနှုန်းဖြင့် အယောက် ၅၀ ရနိုင်ပါကြောင်း၊ အယောက် ၅၀ ကို မူတည်ပြီး ခွဲသည့်အခါ မူလ ၁၅၀ မှ ၅၀ ဖြစ်သည့်အတွက် သုံးပုံတစ်ပုံ လျှော့ချရန်ဖြစ်ပါကြောင်း။

အလားတူ အစိုးရ ၊ လွှတ်တော်အစုအဖွဲ့တွင်လည်း အယောက် ၅၀ သုံးပုံတစ်ပုံ လျော့မည်ဖြစ်ကဲ့သို့ တပ်မတော် ၊ နိုင်ငံရေးပါတီမှလည်း ၅၀ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပါဝင် သင့်ပါဝင်ထိုက်သူအစုအဖွဲ့နှင့် တိုင်းရင်းသားကိုယ်စားလှယ် အစုအဖွဲ့ကို စဉ်းစားသည့်အခါ အစိုးရအစုအဖွဲ့  ၊EAO အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ဟူ၍ အစုအဖွဲ့ ၃ ဖွဲ့ ပါဝင်ပါကြောင်း၊ အစုအဖွဲ့တစ်ခုကို ၅ ဦးစီဖြင့် ၁၅ ဦး ဖြင့်  အားလုံးပေါင်း ၂၃၀  သုံးပုံ တစ်ပုံလျော့ချမည်ဖြစ်ပါကြောင်း၊ ညီလာခံကို မည်သို့ကျင်းပမည်၊ ပြည်ထောင်စု သဘောတူ စာချုပ်ကို မည်သို့ချုပ်ဆိုမည်ဆိုသည်ကို ထိုအစည်းအဝေးတွင် အကြမ်းဖျင်း မူအားဖြင့် သဘောတူညီနိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာများက စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး - (၂၁) ရာစုပင်လုံညီလာခံ ကျင်းပမည့်အစီအစဉ်၊ ညီလာခံ၌ ဖက်ဒရယ်မူများ ချမှတ်သွားမည့် အစီအစဉ်၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအစီအစဉ် ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ အခြေအနေ၊ အွန်လိုင်းတွင် ပျံ့နှံနေသည့် သတင်းမှားကိစ္စတို့နှင့် စပ်လျဉ်း၍ မေးမြန်းကြရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ သတင်းစာရှင်းလင်းပွဲများ ကို ဇွန် ၈ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပခဲ့သည်။