မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲတွင် ပြောကြားသည့်မိန့်ခွန်း

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ

(၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲတွင် ပြောကြားသည့်မိန့်ခွန်း

နယူးယောက်                                                                                       စက်တင်ဘာ၊ ၂၀၂၀

 

သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊

(၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိအဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရတဲ့အတွက် အဆွေတော် Mr. Volkan Bozkir ကို နွေးထွေးလှိုက်လှဲစွာ ချီးကျူး ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ယခုအစည်းအဝေး ကျင်းပပြုလုပ်နေချိန်မှာ ကမ္ဘာကြီးအနေနဲ့ ကျွန်တော်တို့ရဲ့ ဘုံရန်သူ ဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်ခင်းနေရပါတယ်။ ဒီကပ်ရောဂါကြီးကြောင့် လူတစ်ဉီးစီ သာမက အသိုက်အဝန်းတွေအကြားမှာပါ နေ့စဉ်နေထိုင်လုပ်ကိုင်မှု အလေ့အကျင့်တွေ စံနှုန်းတွေကို ပြန်လည်စဉ်းစားသုံးသပ်မှုတွေ မဖြစ်မနေလုပ်နေရပြီဖြစ်ပါတယ်။  အခုဆိုရင် (၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို အွန်လိုင်းကနေတစ်ဆင့်သာ ကျင်းပနေရပါတယ်။ မမြင်နိုင်တဲ့ ဒီဗိုင်းရပ်ပိုးကြောင့် လူဉီးရေတစ်သန်းနီးပါးကို အသက်ဆုံးရှုံးစေခဲ့ပြီးတော့ နေ့စဉ်နေထိုင်မှု အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေခဲ့တာတွေ တစ်ကမ္ဘာလုံး မှာရှိတဲ့ လူမှုအသိုက်အဝန်းတွေကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေခဲ့တာတွေဟာ တကယ့်ကို စိုးရွံ့အားငယ်စရာပဲ ဖြစ်ပါတယ်။

          ဒီကပ်ရောဂါကြီးဟာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ (multilateralism)ရဲ့ အနေအထားကို စမ်းသပ်မှုတစ်ခု ဖြစ်ပါတယ်။ ဒီကပ်ရောဂါကို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင် ယခင်က မရှိခဲ့ဘူးတဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာမျိုး လိုအပ်ပါတယ်။ ဒါကြောင့် ယခုနှစ်  အထွေထွေညီလာခံရဲ့ ဆောင်ပုဒ်အဖြစ် “ကျွန်ုပ်တို့လိုလားသော အနာဂတ်၊ ကျွန်ုပ်တို့ လိုအပ်သော ကုလသမဂ္ဂ-နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးစနစ်အပေါ် ကျွန်ုပ်တို့၏ဘုံကတိကဝတ်ကို ထပ်လောင်း အတည်ပြုခြင်း” လို့ ရွေးချယ်တာဟာ အလွန်ဆီလျော်မှုရှိကြောင်း ပြောကြားလိုပါတယ်။

 

နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၏ အခန်းကဏ္ဍနှင့် ကျွန်ုပ်တို့လိုလားသော ကုလသမဂ္ဂ

သဘာပတိကြီးခင်ဗျား

တစ်ကမ္ဘာလုံး စုပေါင်းညီညာစွာ  ပူးပေါင်းဆောင်ရွက်ဖို့ အလိုအပ်ဆုံးဖြစ်နေတဲ့ ယခုလို အချိန်မျိုးမှာ တစ်ကိုယ်တော်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒတွေ မြင့်တက်လာမှု တွေကြောင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ အပေါ်မှာ အဆမတန် ဖိအားတွေ ဖြစ်စေလျက် ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါစတင် ပြန့်နှံ့မှုဖြစ်ပွားပြီး နောက်ပိုင်းမှာ ပထဝီနိုင်ငံရေးအရ အားပြိုင်မှုနဲ့ နိုင်ငံများအကြား ပြိုင်ဆိုင်မှုများ ပိုမို ပြင်းထန်လာခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးက  မရေရာမှုတွေကို ဖန်တီးပေးနေပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပုံမှန်မဟုတ်တဲ့ စိန်ခေါ်မှုတွေကို စုစည်းညီညွတ်စွာ ကျော်လွှားနိုင်ဖို့၊ ပိုပြီးအင်အားနည်းတဲ့ နိုင်ငံတွေ၊ ထိခိုက် လွယ်တဲ့သူတွေအပေါ် သက်ရောက်မှုတွေကို လျှော့ချနိုင်ဖို့အတွက် စည်းမျဉ်းမူဘောင်တေွ အပေါ် အခြေခံတဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ပိုမိုခိုင်မာအားကောင်းအောင် ဆောင်ရွက်ဖို့ ယခင်ကထက် ပိုပြီး လိုအပ်လျက်ရှိပါတယ်။  ဒါကို ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင်တော့ နိုင်ငံတွေရဲ့ တည်ငြိမ်မှုကို ပျက်ပြားစေမှာဖြစ်ပြီး၊ ကုလသမဂ္ဂအပေါ်မှာလည်း နောက်တိုး ဝန်ထုပ်ဝန်ပိုးတွေ ကျရောက်စေမှာဖြစ်ပါတယ်။

          နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို အင်အားလျော့နည်းစေတဲ့  ပြောကြားမှုတွေ ရှိနေကြ ပေမယ့်လည်း စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကုလသမဂ္ဂကလွဲပြီး အခြားနည်းလမ်းကို ရှာမတွေ့ သေးပါဘူး။ ရှာလည်း မရှာပါဘူး။ ကမ္ဘာတစ်ဝှမ်း လူသား သန်းပေါင်းများစွာရဲ့ အကျိုးအတွက် ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု၊  တရားမျှတတဲ့ အလေ့အထရှိမှု၊ ဥပဒေနဲ့ အညီဖြစ်စေမှုနဲ့ တရားဥပဒေစိုးမိုးမှုတွေကို မြှင့်တင်ပေးနိုင်ဖို့ ကျွန်တော်တို့ဟာ ကုလသမဂ္ဂကနေပဲ အားလုံး ပူးပေါင်းအားထုတ်ကြရမှာပဲ ဖြစ်ပါတယ်။ ထိရောက်တဲ့ နိုင်ငံစုံ လုပ်ငန်း ဆောင်ရွက်မှုတွေ ကတစ်ဆင့် နောက်ထပ် လူပေါင်းများစွာရဲ့ ဘဝတွေကို ကယ်တင်နိုင်မှာ၊ ကျန်းမာရေးအခြေအနေ တွေကို ပိုမိုကောင်းမွန်စေမှာ၊ လုံခြုံမှုတွေ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

          ဒါကြောင့် ကုလသမဂ္ဂကို ကျွန်တော်တို့အားလုံးလိုချင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ အတွက် ကျွန်တော်တို့တွေ အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂဟာ နိုင်ငံတွေက လိုအပ်တဲ့အချိန်မှာ အားကိုးအားထား ပြုစရာကောင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ရပါမယ်။ ကုလသမဂ္ဂဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ မျှော်လင့်ချက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေရမှာ ဖြစ်ပါတယ်။

          ကုလသမဂ္ဂအနေနဲ့ လူ့အခွင့်အရေး မြှင့်တင်၊ ကာကွယ်ရေးဆောင်ရွက်ရာမှာ ၎င်းရဲ့ လုပ်ပိုင်ခွင့် အာဏာအပ်နှင်းထားသူ (mandate holder) များကို လွတ်လပ်မှု၊ ဘက်မလိုက်မှုနဲ့ ဖြောင့်မတ်မှန်ကန်မှုစတဲ့ မူ တွေကို တိတိကျကျလိုက်နာအောင် ဆောင်ရွက်ကြစေရေးအတွက် ကုလသမဂ္ဂက ကြပ်မတ်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အတိတ် ကိုလိုနီစနစ် အမွေဆိုးကို ဆက်ခံရတဲ့ အဖွဲ့ဝင်နိုင်ငံတွေအပေါ် စံနှုန်းနှစ်မျိုးကို ကျင့်သုံးမှုကို လုံးဝရှောင်ကြဉ်ရမှာ ဖြစ်ပါ တယ်။ ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှု၊ နိုင်ငံရေးဩဇာညောင်းမှု အတိုင်းအတာကို မကြည့်ဘဲ နိုင်ငံတွေရဲ့ တန်းတူညီတူရှိမှုကို လေးစားရမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ

သဘာပတိကြီးခင်ဗျား၊

ကိုဗစ်-၁၉ ကပ်ရောဂါဟာ အရင်းအမြစ်ကြွယ်ဝတဲ့ နိုင်ငံတွေကိုတောင် မနိုင်မနင်းနဲ့ အခက်အခဲတွေ ကြုံတွေ့စေခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ အတွက်တော့ အင်မတန်ကြီးမားတဲ့ တာဝန်ကြီးတစ်ရပ်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီကပ်ရောဂါကြီးကို တိုက်ဖျက်ရာမှာ ပရဟိတစိတ်၊ ဆိုးတူကောင်းတူ မျှဝေခံစားမှုစိတ်တွေကို အခြေခံပြီး ပြည်သူတွေရဲ့ အင်အားနဲ့ တစ်နိုင်ငံလုံးပါဝင် ဆောင်ရွက်တဲ့ နည်းလမ်းကို ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။

          ဒီလိုဆောင်ရွက်မှုတွေကြောင့် ဒီဗိုင်းရပ်ရဲ့ ပထမလှိုင်းကို အောင်အောင်မြင်မြင် ထိန်းချုပ် ကျော်လွှားနိုင်ခဲ့ပေမယ့်လည်း ဒုတိယလှိုင်းရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။ အစိုးရအနေနဲ့ ပြည်သူ့ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရေးနဲ့ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) ကို အကောင်အထည်ဖော်ပြီး စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှု တွေ လျော့နည်းစေဖို့ တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိပါတယ်။ လူမှုဖူလုံရေး ကာကွယ် စောင့်ရှောက်မှုတွေ မရရှိကြဘဲ နိုင်ငံရပ်ခြားမှာ အခက်အခဲနဲ့ ကြုံတွေ့နေကြရတဲ့ မိမိ နိုင်ငံသားတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေကိုလည်း ဗိုင်းရပ်ကူးစက်နိုင်တဲ့ အန္တရာယ်ရှိပေမယ့်  အမိနိုင်ငံဆီကို ပြန်လည်ခေါ်ဆောင်လျက်ရှိပါတယ်။

          မည်သူ့ကိုမှ ချန်မထားရေးမူ အရ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန် ဆောင်ရွက်မှုမှာ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ၊ မသန်စွမ်းတွေ၊ လုပ်အားခနည်းတဲ့ လုပ်သား တွေစတဲ့ လူတန်းစားအလွှာ အားလုံးအတွက်ပါ အကျုံးဝင်ပါတယ်။ ပြည်တွင်း နေရပ်စွန့်ခွာသူ တွေရဲ့ ယာယီခိုလှုံရာစခန်းတွေမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာလုပ်ငန်း စီမံချက်တစ်ရပ်ကို အစိုးရအနေနဲ့ ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒီစီမံချက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေဖို့နဲ့ နေရပ်စွန့်ခွာ သူများအကြား ရောဂါ တားဆီး၊ ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့အစီအမံတွေ ပါဝင်ပါတယ်။ ဒီကနေ့အထိ ဘယ် IDP စခန်းမှာမှ စိုးရိမ်ဖွယ်ရာ ရောဂါဖြစ်ပွားမှု မရှိသေးပါဘူး။

 

ကူးစက်မြန်ကပ်ရောဂါနဲ့ ပဋိပက္ခအခြေအနေများ

သဘာပတိကြီးခင်ဗျား-

          အကြမ်းဖက်ဝါဒဟာ တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတစ်ရပ် အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့ ရရှိဖို့အတွက် အကြမ်းဖက် ဝါဒမှန်သမျှ ဘယ်ပုံစံနဲ့ ကျူးလွန်သည်ဖြစ်စေ ဆက်လက် တိုက်ဖျက်သွားဖို့ လိုအပ်ပါတယ်။ ဒါဟာ မလွဲမသွေ ဆောင်ရွက်ရမယ့် လိုအပ်ချက်တစ်ရပ်ဖြစ်ပြီး၊ ဒီအချက်ကို ယုတ္တိမရှိတဲ့ ကိစ္စတွေနဲ့ မှေးမှိန် သေးသိမ်အောင် လုပ်တာမျိုး လက်သင့် မခံသင့်ပါဘူး။ ပဋိပက္ခနဲ့ မလုံခြုံမှုဟာ ငြိမ်းချမ်းရေး အပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများ ဖော်ဆောင်တဲ့ နေရာမှာ သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပြဿနာတွေရဲ့ဇစ်မြစ်ကို နားလည်ဖို့ လိုအပ်ပါတယ်။ ပဋိပက္ခအခြေအနေတွေ ကြုံတွေ့နေရတဲ့ ဒေသတွေမှာ တည်ငြိမ်မှုရရှိစေဖို့နဲ့ ဘုံရန်သူဖြစ်တဲ့ ကိုဗစ်-၁၉ရောဂါကို ကျော်လွှားနိုင်ဖို့ ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေဖို့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲရေး တိုက်တွန်းချက်ကို ကြိုဆိုကြောင်း ပြောကြားလိုပါတယ်။ ဒီတိုက်တွန်းချက်ကို ကြိုဆိုတုံ့ပြန်တဲ့အနေနဲ့ မြန်မာ့ တပ်မတော်ဟာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်မှ ဩဂုတ်လ ၃၀ ရက်အထိ အကြမ်းဖက် အဖွဲ့အစည်းများရှိတဲ့ နေရာများမှအပ ကျန်နယ်မြေအားလုံးမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာချက်ကို စက်တင်ဘာလ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

အစိုးရထိန်းချုပ်မှု အပြည့်အဝမရှိတဲ့ ဒေသတွေမှာ ကိုဗစ်-၁၉ ကူးစက်မှုကို တားဆီးနိုင်ဖို့ အတွက် အတူလက်တွဲဆောင်ရွက်ဖို့ အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုမျိုးဟာ အစိုးရဘက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ယုံကြည်မှုတည်ဆောက်ရေး အတွက်လည်း တစ်နည်းတစ်လမ်း အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ခရီးသည်တင် လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားခဲ့ပေမယ့် ထိခိုက်ခံ အသိုက်အဝန်း အားလုံးကို ခွဲခြားမှုမရှိဘဲ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ဆက်လက် ပေးအပ်နိုင်အောင် အစိုးရအနေနဲ့ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

သဘာပတိကြီးခင်ဗျား-

ပထမဦးဆုံး အရပ်သားအစိုးရအနေနဲ့ နိုင်ငံရဲ့တာဝန်ကို ငြိမ်းချမ်းစွာ လွှဲပြောင်း ထမ်းဆောင် ခဲ့တာ လေးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။  ဒီလိုလွှဲပြောင်း တာဝန်ယူနိုင်ခဲ့ခြင်းကြောင့် ဆယ်စုနှစ် ( )ခု ကျော်ကြာမြင့်ခဲ့တဲ့ စစ်အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် မြန်မာပြည်သူ ပြည်သားတွေအတွက် ဒီမိုကရေစီအပြည့်အဝရှိတဲ့ နိုင်ငံဖြစ်လာစေဖို့ ခရီးအစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်က လျှောက်လှမ်းခဲ့တဲ့ ခရီးလားရာမျိုးနဲ့  မတူခြားနားတဲ့ ခရီးလမ်းကြောင်းကို သတိကြီးစွာနဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ယခုကစပြီး တစ်လကျော် ကာလအတွင်းမှာ မြန်မာ ပြည်သူပြည်သားတွေဟာ မဲရုံတွေဆီကို နောက်တစ်ကြိမ် သွားရောက် မဲပေးကြပြန်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျည်ဆံတွေအစား မဲပြားတွေအပေါ် မှီခိုအားထားတဲ့ နိုင်ငံရေးစနစ် တစ်ရပ်ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းတဲ့ နိုင်ငံတိုင်းဟာ ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ် ကြရမြဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ခြွင်းချက်တော့ မဟုတ်ပါဘူး။ ဖြစ်ပွားနေဆဲ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွေ၊ ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေးတဲ့ ပြဿနာ အဟောင်း၊ အသစ်တွေနဲ့ အဲ့ဒါတွေထက် ပိုပြီးဆိုးရွားတဲ့ ကိုဗစ်-၁၉ ရဲ့ စိန်ခေါ်မှုတွေအပါအဝင် များပြားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လေးနှစ်အတွင်းမှာ အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကန့်အသတ်များ ရှိနေတဲ့ကြားက ပြည်သူပြည်သားတွေအနေနဲ့ အခြေခံ လွတ်လပ်ခွင့်တွေ၊ ဖွံ့ဖြိုးမှုအသီးအပွင့်တွေ ရရှိခံစားနိုင်ပြီး၊ အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ဖို့၊  သူတို့တွေရဲ့ ကိုယ်ပိုင် အခွင့်အရေး စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော် ဖြည့်ဆည်းပေးနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။  အခုဆိုရင် ပြည်သူပြည်သားတွေ အနေနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို စတင်ခံစားနေကြရပြီဖြစ်ပါတယ်။ သို့သော်လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မှ ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝ ခံစားစေနိုင်ဖို့ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ ပြည်သူပြည်သား တစ်ရပ်လုံးရဲ့ ကြီးမားတဲ့မျှော်လင့်ချက် အားလုံးကို ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်ခဲ့ပေမယ့်လည်း ကျန်းမာရေး၊ ပညာရေး၊ အခြေခံ အဆောက်အအုံ၊ လူမှုစီးပွားဖွံ့ဖြိုးမှုနဲ့ ကောင်းမွန်သောအုပ်ချုပ်မှု အပါအဝင် နယ်ပယ်များစွာမှာ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ ရရှိနေပြီဖြစ်ပါတယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

သဘာပတိကြီးခင်ဗျား-

မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ရာ နိုင်ငံမှာ မတူကွဲပြားမှုတွေ ကြားက စည်းလုံးညီညွတ်မှု တည်ဆောက်ရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာအစိုးရဟာ ရေရှည်ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

ဆယ်စုနှစ် (၇) ခုကြာ ပြည်တွင်းပဋိပက္ခကို အဆုံးသတ်ပြီး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် တိုင်းရင်းသား လူမျိုးအားလုံးနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်ရေးဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ ရည်မှန်းချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် (၂၁) ရာစု ပင်လုံညီလာခံ လို့လည်း ခေါ်ဆိုကြတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးကို လေးကြိမ်တိုင် အောင်အောင်မြင်မြင် ကျင်းပခဲ့ပြီးဖြစ်တယ်။ အကျိုးရလဒ်အားဖြင့် အနာဂတ် ပြည်ထောင်စုအတွက် အခြေခံဖက်ဒရယ် မူတွေ ပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူစာချုပ်ရဲ့ တတိယပိုင်းကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြပြီဖြစ်ပါတယ်။ ယခုရရှိတဲ့ မူ တွေက ဘယ်အစိုးရပဲ အုပ်ချုပ်ပါစေ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် တည်ဆောက်ဖို့အတွက် လမ်းကြောင်းကို ဖော်ဆောင်ချမှတ်ပေးသွားမှာ ဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ် အရေးကိစ္စ

သဘာပတိကြီးခင်ဗျား

၂၀၁၆ ခုနှစ်၊ မတ်လမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရ စတင် တာဝန်ယူစဉ်မှာ နိုင်ငံအတွက် အဓိကဦးစားပေး ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ချမှတ်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ ရခိုင်ပြည်နယ်အရေးကိစ္စလည်း အပါအဝင် ဖြစ်ပါတယ်။ ကိုလိုနီခေတ်က နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်မှုနဲ့ အသိုက်အဝန်းတွေအကြား ပဋိပက္ခ သံသရာတွေက အစပြုပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ မတူညီတဲ့ အသိုက်အဝန်းတွေအကြားမှာ အပြန်အလှန် အယုံအကြည်ကင်းမဲ့မှုနဲ့ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်အမြစ်တွယ်လာစေခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိစေဖို့ အလုံးစုံလွှမ်းခြုံတဲ့ ချဉ်းကပ် ဆောင်ရွက်မှုတစ်ရပ် လိုအပ်ပါတယ်။ ဒါကိုနားလည်လက်ခံထားတဲ့ အားလျော်စွာ  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို ၂၀၁၆ ခုနှစ်၊ မေလမှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မရှင်က ရခိုင်ပြည်နယ်မှာ ဖြေရှင်းဖို့ လိုအပ်နေတဲ့ ကိစ္စတွေအတွက်  ရေရှည်တည်တံ့တဲ့ အဖြေကို ရှာနိုင်ဖို့ အချက် (၈၈) ချက်ကို အကြံပြုထားခဲ့ပါတယ်။

စိန်ခေါ်မှုတွေမျိုးစုံ ရှိနေပေမယ့် ရခိုင်ပြည်နယ်မှာ နေထိုင်သူအားလုံးရဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရေရှည်တည်တံ့မယ့် အခြေခံကောင်းတွေ ဖော်ဆောင် ပေးဖို့ အစိုးရအနေနဲ့ သန္နိဋ္ဌာန်ပြုထားပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ဝန်ကြီးအဆင့် ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ယင်းကော်မတီအနေနဲ့ ဦးစားပေး နယ်ပယ် (၅) ရပ် ရွေးချယ် ဆောင်ရွက် လျက်ရှိပါတယ်၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခ အခြေအနေတွေ ဖြစ်ပေါ်နေတဲ့ကြားမှာပဲ ကော်မတီရဲ့လုပ်ငန်းတွေကို ယနေ့ထိဆောင်ရွက်လျက် ရှိပါတယ်။

 

ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေ

သဘာပတိကြီးခင်ဗျား

ကျွန်တော်တို့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အခြေအနေအပေါ်မှာ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံအသိုက်အဝန်းတွေရဲ့ အခက်အခဲ၊ ဒုက္ခတွေအပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ စိုးရိမ်ပူပန်မှုကိုသိရှိနားလည်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ လူသားချင်းစာနာမှု အခြေအနေ၊ နေရပ်ပြန်လည်ခေါ်ဆောင်ရေး၊ ပြန်လည်နေရာချထားရေး၊ အသိုက်အဝန်းများ ပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ နယ်ပယ်တွေကို အလေးထားဆောင်ရွက်နေပါတယ်။

 

လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ

တိုက်ပွဲတွေေကြောင့် သွားလာမှု အခက်အခဲတွေရှိနေပေမယ့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်  (WFP) နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တွေက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ထိခိုက်ခံ ပြည်သူတွေဆီကို အစားအစာနဲ့ အရေးပေါ် ပစ္စည်းစတဲ့ လူသားချင်းစာနာမှု အကူအညီတွေ သွားရောက် ထောက်ပံ့ပေးနိုင်ဖို့ အတွက် အစိုးရအနေနဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အလားတူပဲ ယခင်ရှိပြီးသား IDP စခန်းတွေနဲ့ နောက်ထပ်တိုးတဲ့စခန်းတွေ အပါအဝင် ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှု တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် အစိုးရနဲ့ ICRC တို့ ပူးပေါင်းပြီး လုပ်ငန်းစီမံချက် တစ်ရပ်ကို ရေးဆွဲချမှတ်ခဲ့ပါတယ်။ WFP ကလည်း အစားအသောက်တွေ ပုံမှန် ဖြန့်ဖြူးခြင်းနဲ့ ထိခိုက်လွယ် အသိုက်အဝန်းတွေအတွက် အာဟာရဖွံ့ဖြိုးမှု အပါအဝင်  အခြားလုပ်ငန်းတေွ ပြန်လည် ဆောင်ရွက်နိုင်နေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အဖွဲ့နဲ့ အခြား ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုလည်း ဒေသခံတွေ အနေနဲ့ရရှိနေပြီဖြစ်ပါတယ်။

 

နေရပ်ပြန်လည်ခေါ်ဆောင်ရေး နှစ်နိုင်ငံလုပ်ငန်းစဉ်

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူညီခဲ့တဲ့ နှစ်နိုင်ငံ သဘောတူ ညီချက်နဲ့အညီ မိမိတို့ဘက်က စိစစ်ပြီးသူတွေကို ၎င်းတို့ရဲ့ဆန္ဒအလျောက် လုံခြုံဘေးကင်းစွာနဲ့ သိက္ခာရှိစွာ ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေး ဆန္ဒကို ပြသဖို့နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ပါ အချက်တွေကို တိတိကျကျ လိုက်နာဖို့ တိုက်တွန်းလိုပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကသာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ရှိနေတဲ့ နေရပ်ပြန်လည် ခေါ်ဆောင်ရေးကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ် ဘင်္ဂလားဒေ့ရှ်အနေနဲ့ နှစ်နိုင်ငံ လုပ်ငန်းစဉ်အပေါ် ၎င်းတို့ပေးထားတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ လိုလိုလားလားတုံ့ပြန်တတ်တဲ့ မိတ်ဖက်ဖြစ်ကြောင်း သိလာလိမ့်မယ်လို့ ပြောချင်ပါတယ်။ ဖိအားပေးတဲ့ နည်းဗျူဟာတွေက အချည်းအနှီးပဲ ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ ဖိအားပေးမှုကို ဘယ်လိုမှ လက်မခံပါဘူး။ အိမ်နီးချင်း (၅) နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရေးဟာ မြန်မာနိုင်ငံရဲ့ မူဝါဒပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ အကြမ်းဖက်မှုဝါဒကို လုံးဝလက်မခံတဲ့၊ အပြောသာမဟုတ် အလုပ်နဲ့ သက်သေပြမယ့် အိမ်နီးချင်း ကောင်းဖြစ်စေလိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ နှစ်နိုင်ငံအတွက်သာမက ဒေသတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှာ ဖြစ်ပါတယ်။ အာဆာအကြမ်းဖက်အဖွဲ့နဲ့ အေအေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ နှစ်ဖွဲ့လုံးဟာ ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေမှာ ခိုလှုံနေကြပါ တယ်။ အာဆာအဖွဲ့နဲ့ ၎င်းရဲ့ အပေါင်းပါတွေဟာ ကော့စ်ဘဇားဘက်က စခန်းတွေမှာ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုနဲ့ ဥပဒေနဲ့မညီတဲ့ အခြားလုပ်ဆောင်မှုတွေ ပြုလုပ်နေကြပြီး နှစ်နိုင်ငံ နေရပ်ပြန်ရေး လုပ်ငန်းစဉ်ကို ဟန့်တားနှောင့်ယှက်နေကြပါတယ်၊ ဒီလိုပြုလုပ်မှုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံလုံးအပေါ် အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် တင်းတင်းကြပ်ကြပ် တားဆီးဖို့လိုအပ်ပါတယ်။

နေရပ်ပြန်ရေး မစတင်နိုင်သေးပေမယ့် နေရပ်စွန့်ခွာသူ (၃၅၀) ဦးကျော်ဟာ ကော့စ်ဘဇား စခန်းတွေကနေ ရခိုင်ပြည်နယ်ကို သူတို့ ဆန္ဒအလျောက် နှစ်နိုင်ငံညိှနှိုင်းထားတဲ့ လမ်းကြောင်း ကနေ မဟုတ်ဘဲ ပြန်လည်ဝင်ရောက်လာခဲ့ကြပြီးဖြစ်ပါတယ်။

 

ပြန်လည်နေရာချထားရေး

တစ်ဖက်နိုင်ငံကနေ နေရပ်သို့ ပြန်လာမယ့်သူတွေအတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေး နိုင်ဖို့ အဖွဲ့အစည်းအသီးသီးနဲ့ ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်နေရာမှာ နှစ်နိုင်ငံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့အတွက် မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့နဲ့ သုံးဖွဲ့ပါဝင်တဲ့သဘောတူညီချက်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ သက်တမ်း တိုးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

UNDP နဲ့ UNHCR အဖွဲ့တွေဟာ ကျေးရွာပေါင်း (၁၂၀) ကျော်မှာ လက်ငင်း လိုအပ်ချက် များကို ဆန်းစစ်လေ့လာမှုတွေ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ အသက်မွေးကျွမ်းကျင်မှု သင်တန်းများနဲ့ ဝင်ငွေရရှိစေရေးတို့ပါဝင်တဲ့  ‘Quick Impact Projects’ (QIP) လို့ ကုလသမဂ္ဂကခေါ်တဲ့  စီမံချက် (၇၅) ခုကို ဆောင်ရွက်ဖို့ အတွက်လည်း ခွင့်ပြုပေးပြီး ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ကပ်ရောဂါကျရောက်နေတဲ့အတွက် UNDP နဲ့ UNHCR တို့ဟာ အသိုက်အဝန်းတွေအကြား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ် တားဆီးရေးအတွက် အသိပညာပေးလုပ်ငန်းတွေအပေါ်မှာ အလေးပေး ဆောင်ရွက်လျက်ရှိပါတယ်။

အစိုးရအနေနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (AHA Centre) နဲ့လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ နေရပ်စွန့်ခွာသူများ ပြန်လည်လာရောက်တဲ့အချိန်မှာ အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့အနေနဲ့ လုပ်ငန်းစဉ်ကို မြေပြင်မှာ ဆန်းစစ်လေ့လာမှု ပြုလုပ်ကြမှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုဟာ ပြန်လည်ဝင်ရောက် မယ့်သူတွေအတွက် ယုံကြည်မှု ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။  ယခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံနဲ့ အာဆီယံအကြား နေရပ်ပြန်ရေးကို အထောက်အကူဖြစ်စေဖို့ စီမံချက် (၄) ခု ဆောင်ရွက်ရေး သဘောတူခဲ့ပါတယ်။ အဲ့ဒါတွေကတော့ (၁) နေရပ်ပြန်လည် ခေါ်ဆောင်ရေးဆိုင်ရာ သတင်းအချက် အလက်များ ပိုမိုဖြန့်ဖြူးပေးရေး၊ (၂) ပြန်လည် လက်ခံမည့် စခန်းများတွင် စွမ်းဆောင်ရည် မြှင့်တင်ပေးရေး၊ (၃) စိုက်ပျိုးရေးသုံးပစ္စည်းများ ထောက်ပံ့ပေးရေးနဲ့ (၄) အသက်မွေး ဝမ်းကျောင်းမှု ပြန်လည်ထူထောင်ရေး အတွက် ကူညီပံ့ပိုးပေးရေးတို့ဖြစ်ပါတယ်။

 

 

တာဝန်ခံမှုရှိရေးနှင့် အသိုက်အဝန်းများ ပြန်လည်သင့်မြတ်ရေး

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း မိမိတို့ အနေနဲ့ စိုးရိမ်မှုရှိတဲ့အတွက် အလေးအနက်ထား ဆောင်ရွက်နေပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ရှေ့မှောက်မှာ ပြုလုပ်ခဲ့တဲ့ ကြားနာမှုမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမှန်တကယ် ကျူးလွန်တာတွေရှိခဲ့ရင် ကျူးလွန်သူတွေကို မြန်မာနိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေး စနစ်နဲ့အညီ စုံစမ်းစစ်ဆေးမှု၊ အပြစ်ပေး အရေးယူမှုတွေ ပြုလုပ်မယ်လို့ အတည်ပြုပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံက လုပ်ပိုင်ခွင့်ရှိတဲ့ ကိစ္စ၊ မိမိတို့နိုင်ငံရဲ့ တာဝန်နဲ့ သန္နိဋ္ဌာန်ပဲဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးတို့နဲ့ ဆက်စပ်နေတဲ့ ပြည်တွင်းလုပ်ငန်းစဉ် ဖြစ်တဲ့အတွက် မဖြစ်မနေ လုပ်ရမည့်ကိစ္စ အလွန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။

တာဝန်ခံမှုရှိရေးအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ ကော်မရှင်က ယင်းရဲ့ အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာ တင်ပြခဲ့ပါတယ်။ အစီရင်ခံစာရဲ့ တွေ့ရှိချက်တွေကို အခြေခံပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးက အရပ်သားကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်လျက်ရှိပါတယ်။

တပ်မတော်ဘက်အနေနဲ့လည်း ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စစ်ဆေးမှုများပြုလုပ်နေပြီး ၂၀၂၀ ပြည့်နှစ်၊ နှစ်မကုန်ခင်မှာ တတိယမြောက် စစ်ဖက်ဆိုင်ရာတရားရုံးဖြင့် ချွတ်ပြင်နဲ့ မောင်နု ကျေးရွာ ဖြစ်စဉ်တွေနဲ့ သက်ဆိုင်တဲ့ကိစ္စများကို စတင်စစ်ဆေးတော့မှာဖြစ်ကြောင်း တပ်မတော် စစ်ဥပဒေ ချုပ်ရုံးက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒီကျေးရွာ နှစ်ရွာရဲ့ဖြစ်စဉ်တွေဟာ ၂၀၁၆-၂၀၁၇ ခုနှစ် အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိက အဖြစ်အပျက်တွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ICOE ရဲ့အပြီးသတ် အစီရင်ခံစာမှာလည်း ဒီကျေးရွာ နှစ်ရွာကို အဆိုးရွားဆုံး ဖြစ်စဉ်စာရင်းမှာ ထည့်သွင်းဖော်ပြခဲ့ပြီး၊ ကုလသမဂ္ဂနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာလည်း စွပ်စွဲပြောကြားထားပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တပ်မတော်စစ်ဥပဒေချုပ်ရုံးက စစ်ဖက် ဆိုင်ရာ တရားရုံးဖြင့် စစ်ဆေးဆောင်ရွက်မယ့်ကိစ္စဟာ ဆိုးရွားတဲ့ စွပ်စွဲချက်တွေအပေါ် တာဝန်ခံမှု ရှိစေဖို့အတွက် မြန်မာနိုင်ငံရဲ့ ဆန္ဒသဘောထားကို သိသာထင်ရှားစွာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တဲ့ ဆိုးရွားတဲ့ဖြစ်စဉ် (၁၂) ခု စာရင်းမှာ အပါအဝင်ဖြစ်တဲ့ အင်းဒင်နဲ့ ဂူတာပြင် ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အစောပိုင်းက စစ်ဖက်ဆိုင်ရာ တရားရုံးဖြင့် စစ်ဆေးမှုမှာ တပ်မတော်အရာရှိနဲ့ တပ်သား (၁၃)ဦးကို အပြစ်ပေး အရေးယူခဲ့ ပါတယ်။ အင်းဒင်ဖြစ်စဉ်မှာပါဝင်တဲ့ ပြစ်ဒဏ်ကျခံရသူတွေကို စောစီးစွာ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အပေါ် စိတ်မသက်သာဖြစ်ခဲ့ရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြား ချက်ကို ထပ်မံပြောကြားလိုပါတယ်။ နောက်ပိုင်းအမှုကိစ္စတွေမှာ ဒီလို အချိန်မတန်ဘဲ လွတ်ငြိမ်း ချမ်းသာခွင့်ပြုတာတွေ ရှိတော့မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ရှေ့လာမယ့်လများအတွင်း ၂၀၁၇ ခုနှစ်က ရာဇဝတ်မှုတွေအတွက် တတိယမြောက် စစ်ဖက်ဆိုင်ရာ တရားရုံးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခထက် အဆများစွာ ဆိုးရွားတဲ့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာတောင် မိမိတို့ရဲ့ အရာရှိနဲ့ တပ်သားတွေကို တာဝန်ခံမှုရှိစေတဲ့ နိုင်ငံအရေအတွက်ဟာ ယခုခေတ်ရာစုနှစ် အတွင်းမှာ အနည်းငယ်ပဲရှိပါတယ်။

တပ်မတော်စစ်ဥပဒေချုပ်အနေနဲ့ တတိယမြောက် စစ်တရားရုံးနဲ့တင် ရပ်တန့်နေမှာ မဟုတ်ဘူးဆိုတာကို သတိပြုမိမှာ ဖြစ်ပါတယ်။ တပ်မတော်စစ်ဥပဒေချုပ်ရဲ့ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ကြေညာချက်မှာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ဖြစ်နိုင်ချေရှိသော ချိုးဖောက်မှုများရဲ့ ကျယ်ပြန့်တဲ့ အသွင်သဏ္ဍာန် များကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဖော်ပြထားပါတယ်။ ဒီစွပ်စွဲမှုတွေမှာ ဥပမာအားဖြင့် အရပ်သားနဲ့ အာဆာအကြမ်းဖက်သမားများအကြား သေချာစွာ ခွဲခြားမရခြင်း၊ အင်အား အလွန်အကျွံ အသုံးပြုခြင်း၊ [] ပစ္စည်းများလုယက်မှုနဲ့ ဖျက်ဆီးမှုမှ ကာကွယ်တားဆီးရန် ပျက်ကွက်ခြင်း၊ ဒါမှမဟုတ် အရပ်သားတွေကို အင်အားသုံး ဖယ်ရှားခြင်း စတာတွေ ပါဝင်နိုင် ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုပ်ဆောင်မှုတွေကို အထက်မှာ ပြောကြားခဲ့တဲ့ ဖြစ်စဉ် (၃)ခု၊ ICOE အစီရင်ခံစာနဲ့ အခြားသတင်းအချက်အလက်တွေကို အခြေခံပြီး စုံစမ်းစစ်ဆေးမှုအသစ်တွေ ပြုလုပ်မှာ ဖြစ်ပါတယ်။  ဒါဟာ ပြည်တွင်း တာဝန်ခံမှု လုပ်ငန်းစဉ်အတွက် သိသာထင်ရှားတဲ့ တိုးတက်မှုပဲ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်း တာဝန်ခံမှုလုပ်ငန်းစဉ်အတွက် အချိန်နဲ့ ဆောင်ရွက်ဖို့ အခွင့် အရေးပေးပြီး၊ လေးစားမှုပြသင့်ပါတယ်။ ပြည်တွင်းတာဝန်ခံမှုအတွက် မြန်မာနိုင်ငံကပဲ ဆောင်ရွက် ပါစေ ချက်ချင်းပယ်ချလိုက်တာမျိုးဟာ ဆိုးရွားစွာ ပုံဖော်ဝေဖန် ပုတ်ခတ်မှုနဲ့ တစ်ဖက်သတ် ဘက်လိုက်မှုသဘော သက်‌ရောက်စေတယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ထောက်ပြကြပါတယ်။ ပြည်တွင်း တရားစီရင်မှုကို ချက်ချင်းပယ်ချခြင်းဟာ ဓမ္မဓိဋ္ဌာန် ကျမှု၊ ဘက်မလိုက်မှုနဲ့ ပြည်တွင်း တရားစီရင်ရေးမှာ ကြိုးပမ်းအားထုတ်မှုတွေ ပိုမိုပေါ်ပေါက်လာမှာကို စိုးရိမ်တာလား သို့တည်းမဟုတ် အဲဒါရဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်မလားဆိုပြီး နိုင်ငံတကာ ရှေ့နေ တစ်ဦးက မေးခွန်း ထုတ်ဖူးပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြားခဲ့သလိုပဲ ရခိုင်ပြည်နယ် အရေးကိစ္စမှာ အသိုက်အဝန်းနှစ်ခု ကွဲပြားမှုကို အလွန် ဆိုးရွားသွားစေမယ့် မီးလောင်ရာလေပင့်မှုများဟာ […] မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတ ဖြစ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ပဋိပက္ခတွေကြောင့် ရရှိခဲ့တဲ့ ခံစားနာကြည်းမှုတွေကို ပိုမိုဆိုးရွားစေ ခြင်းဟာ ရခိုင်ပြည်နယ်ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်ပါတယ်။ အမုန်းပွားစေမယ့် ဇာတ်ကြောင်း ဖန်တီးမှုတွေသာ အမုန်းစကား မဟုတ်ပါဘူး။ အသိုက်အဝန်းနှစ်ခုအကြား ကွဲလွဲမှုကို အဆုံးစွန်အထိ ဆိုးရွားသွားစေနိုင်တဲ့ ပြောဆိုရေးသားမှုတွေဟာလည်း အမုန်းစကားလို့ဆိုရမှာ ဖြစ်ပါတယ်။

 

နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက် (၃)စောင်ထုတ်ပြန်ခဲ့သည့်ကိစ္စ

သဘာပတိကြီးခင်ဗျား

လူမျိုးပြုန်းတီးစေမှု တားဆီးရေးဆိုင်ရာ ကွန်ဗင်းရှင်းအရ လိုက်နာရမယ့် တာဝန်ဝတ္တရား တွေကိုအစိုးရဝန်ထမ်းများအနေနဲ့လေးစားလိုက်နာကြဖို့အတွက် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် တစ်ရပ်ကို ယခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ် ညွှန်ကြားချက်တစ်ခုက အထက်မှာ တင်ပြခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး အစိုးရဝန်ထမ်းတွေအနေနဲ့ ဘယ် သက်သေအထောက်အထားနဲ့ ပစ္စည်းတွေကိုမဆို ဖျက်ဆီး၊ ဖယ်ရှားခြင်းကို တားမြစ်တဲ့ ညွှန်ကြားချက်ဖြစ်ပါတယ်။ တတိယ ညွှန်ကြားချက်က အမုန်းစကား နဲ့ဆက်နွှယ်တဲ့ ပုံစံအားလုံးကို ရှုတ်ချ၊ တားဆီးကြဖို့နဲ့ အမုန်းစကားဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်၊ ပံ့ပိုးကြဖို့အတွက် အစိုးရဝန်ထမ်းများ အားလုံးကို ညွှန်ကြားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အမုန်းစကား ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံးမှာ အကောင်အထည်ဖော်လျက် ရှိပါတယ်၊ ယခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တွေအားလုံးမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးနဲ့ လူငယ်တွေက အမုန်းစကားဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ကျင်းပခဲ့ပါတယ်။ လာမယ့် လတွေမှာ လှုပ်ရှားမှုတွေ ပိုမိုပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ကလည်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) တို့နဲ့ ပူးပေါင်းပြီး အမုန်းစကား ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။

 

လူမှုအသိုက်အဝန်းများ သဟဇာတရှိစေရေး

သဘာပတိကြီးခင်ဗျား၊

ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုက်အဝန်းများအကြား သဟဇာတရှိစေရေးအတွက်လည်း မဆုတ်မနစ် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ သဟဇာတဖြစ်စေရေးလှုပ်ရှား ဆောင်ရွက်မှုတွေဟာ လူမှုအသိုက်အဝန်း တစ်ခုနဲ့တစ်ခုကို ပိုပြီးနီးစပ်မှုရှိစေပြီး စိတ်ချ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်လို့ အမှန်တကယ် ယုံကြည်ပါတယ်။ အစိုးရရဲ့ ကြိုးပမ်းမှုတွေ အပေါ် ပြည်တွင်း၊ ပြည်ပ လှုပ်ရှားဆောင်ရွက်သူအချို့က ပျက်စီးရာပျက်စီးကြောင်းကို နည်းလမ်း အမျိုးမျိုးနဲ့ ဆောင်ရွက်နေသည့်တိုင်အောင် ရခိုင်ပြည်နယ်မှာရှိကြတဲ့ လူမှုအသိုက်အဝန်းတွေ အကြား သဟဇာတဖြစ်စေဖို့နဲ့ ပြန်လည်သင့်မြတ်ဖို့အတွက် ဇွဲနပဲကြီးစွာ ဆက်လက်ဆောင်ရွက် သွားဖို့  အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။

လူမှုအသိုက်အဝန်းတွေအကြား အပြန်အလှန် နားလည်မှု၊ လေးစားမှုကို မြှင့်တင်နိုင်ဖို့ အတွက် မိတ်ဖက်အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေရေးအပါအဝင် ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနဲ့ အခြားလိုအပ်တဲ့ ကြိုတင်ကာကွယ်မှုဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ အသိုက်အဝန်းများ အကြားဆွေးနွေးပွဲတွေ (၂၀၃) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲ တွေ၊ လှုပ်ရှားမှုတွေ အောင်မြင်မှုဟာ ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် အလားအလာ ကောင်းတွေပဲဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါ လူငယ်စခန်း (၄) ခုကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်တားဆီးရေးအတွက် ရခိုင်ပြည်နယ်မှာ အသိပညာပေးရေး လှုပ်ရှားမှု (၂၆၅) ကြိမ် မကလည်း ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ အမုန်းစကား ဆန့်ကျင့်ရေး အခမ်းအနား (၁၇) ခု၊ လိင်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးရေးလှုပ်ရှားမှု (၃) ခု၊ ရပ်ရွာ ပတ်ဝန်းကျင်ဆိုင်ရာ စည်းရုံးလှုံ့ဆော်မှု(၅)ခု၊  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလှုပ်ရှားမှု (၁၀) ခုစတဲ့ လှုပ်ရှားမှုတွေကို လည်း ရခိုင်ပြည်နယ်မှာ စီစဉ်ဆောင်ရွက် ပေးခဲ့ပါတယ်။ လူမှုသဟဇာတဖြစ်ရေး၊ ပြည်သူ့နီတိ၊  လူမှုစည်းရုံးလှုံ့ဆော်ရေး၊ ပဋိပက္ခဆိုင်ရာ လေ့လာသုံးသပ်မှု၊ ကောလာဟလနှင့် အမုန်းစကားကို ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာသင်တန်း (၂၈) ခုကိုလည်း ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် အသက် မွေးမှုဆိုင်ရာ သင်တန်းအစီအစဉ် (၁၅၅) ခုကို စီစဉ်ကျင်းပခဲ့ပြီး၊ ဒီသင်တန်းတွေကတစ်ဆင့် နှာခေါင်းစည်းနှင့် လက်သန့် ဆေးရည်များ ပြုလုပ်မှုများ သင်ကြားပြသပေးရာမှာ အသိုက်အဝန်း အားလုံးမှ ဒေသခံများ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားဆောင်ရွက်မှုတွေဟာ ရခိုင် ပြည်နယ်မှာ နေထိုင်သူ (၅,၀၀၀) ကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ထက်ပိုပြီး ဘယ်အရာကမှ လူတွေကို စုံညီစုရုံးနိုင်ခြင်းမရှိဘူး လို့ ပြောကြတဲ့အတိုင်း အားကစား ပြိုင်ပွဲတွေ ကျင်းပပေးနိုင်ခဲ့လို့ ဝမ်းမြောက် ဝမ်းသာဖြစ်ရပါတယ်။

ကုလသမဂ္ဂက ကမ်းလှမ်းစီစဉ်ပေးတဲ့ စက်ချုပ်၊ စက်ပြင်နဲ့မွေးမြူရေးစတဲ့ အသက်မွေးမှု သင်တန်းအစီအစဉ်တွေမှာလည်း ရခိုင်ပြည်နယ်က အသိုက်အဝန်းအားလုံး အတူပါဝင် တက်ရောက် ခဲ့ကြပါတယ်။ ကျေးရွာလမ်းများ၊ ရေကန်များနဲ့ကျောင်းများ ပြန်လည်ပြင်ဆင် မွမ်းမံခြင်းစတဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် cash-for-work လို့ ခေါ်တဲ့ ဝင်ငွေရရေး၊ အလုပ်ပေး စီမံကိန်းများမှာလည်း အသိုက်အဝန်းအားလုံး ပါဝင်ခဲ့ကြပါတယ်။

 

လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေး

          မြန်မာနိုင်ငံအနေနဲ့ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲသဘောတူညီချက်ကို ကုလသမဂ္ဂနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာလက်မှတ် ရေးထိုးခဲ့ပါတယ်။ ပြည်တွင်းမှာ အမျိုးသားအဆင့်ကော်မတီတစ်ရပ်ကို တည်ထောင်ခဲ့ပြီး၊ တပ်မတော် တပ်ရင်းများ အတွင်း  သက်ဆိုင်သည့် ညွှန်ကြားချက်များထုတ်ပြန်ရေး၊ လိင်အကြမ်းဖက်မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေး၊ ကျူးလွန်သူများအား အပြစ်ပေး အရေးယူရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အရာရှိများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ဥပဒေရေးရာ ပြုပြင် ပြောင်းလဲရေး အစီအမံများနဲ့ ကျူးလွန်ခံခဲ့ရသူများအတွက် ဝန်ဆောင်မှုပေးအပ်ရေးစတဲ့ အဓိက ဉီးစားပေး အကောင်အထည် ဖော်ရမယ့် နယ်ပယ်များကို သတ်မှတ်ဖို့လုပ်ငန်းစီမံချက်တစ်ရပ်ကိုလည်း ရေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးများအား အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်အကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှု ပုံစံအားလုံးမှ တားဆီးကာကွယ်ရေးကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီး များအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ  ဥပဒေမူကြမ်း တစ်ရပ်ကိုလည်း ရေးဆွဲ လျက် ရှိပါတယ်။

 

ကလေးသူငယ်များအပေါ်ကြီးလေးသောကျူးလွန်မှုများကိုကာကွယ်တားဆီးရေး

ကျွန်တော်တို့ အစိုးရအနေနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးဆိုင်ရာ အမျိုးသားကော်မတီကို တည်ထောင် ခဲ့ပြီး၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကြေထိခိုက် ဒဏ်ရာ ရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲခဲ့ပါတယ်။ ဒီလုပ်ငန်းစီမံချက်ကိုယခုနှစ် ဩဂုတ်လမှာ နိုင်ငံတော် သမ္မတရုံးက အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း လုပ်ငန်းအစီအစဉ်နဲ့အညီ သက်ဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး၊ တိုင်ကြားရေးယန္တရားတစ်ရပ်နှင့် စောင့်ကြည့် အကဲဖြတ်မယ့် ကော်မတီတစ်ရပ်ကို ထူထောင်သွားမှာဖြစ်ပါတယ်။ လုပ်ငန်းစီမံချက် ပါ အသိပညာ ပေးရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်ဖို့ UNICEF နဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ယခုနှစ် ဇွန်လမှာ မြန်မာ့တပ်မတော်အား ကုလသမဂ္ဂရဲ့ ကလေးသူငယ် စစ်သည် စုဆောင်းမှုနှင့် အသုံးပြုမှု စာရင်းမှပယ်ဖျက်ပေးခဲ့ပါတယ်။

 

ဖွံ့ဖြိုးတိုးတက်ရေး

ရခိုင်ပြည်နယ်မှာ ဆင်းရဲနွမ်းပါးမှုကိုဖြေရှင်းဖို့  ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို အလုပ်အကိုင် အခွင့်အလမ်း၊ ဝင်ငွေနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့ အတွက် ရည်ရွယ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အခြားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံချက်များကိုစဉ်းစားထားပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ကပ်ရောဂါ ပေါ်ပေါက်လာမှုကြောင့် ဆိုင်းငံ့ထားရပါတယ်။

 

နိဂုံး

သဘာပတိကြီးခင်ဗျား၊

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) မှာပြဌာန်းထားတဲ့ ရည်မှန်းချက်များအောင်မြင်နိုင်ဖို့ ကြိုးပမ်းမှုတွေ အပါအဝင် မိမိတို့ရဲ့ ဉီးစားပေး အစီအစဉ်များ၊ လိုအပ်ချက်များနဲ့အညီ ကုလသမဂ္ဂနဲ့ အပြုသဘောဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမှာဖြစ်ကြောင်း ထပ်လောင်း ကတိကဝတ်ပြုပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးမှာ တိုးတက်မှုများစွာ ရရှိထားပြီဖြစ်သော်လည်း ခရီးလမ်းဆုံး ကိုရောက်ဖို့ အလှမ်းဝေးနေပါသေးတယ်။ ရရှိထားတဲ့ တိုးတက်မှုတွေဟာ ပြည်သူ ပြည်သားများရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ သာယာဝပြောမှုနဲ့ ကျန်းမာပျော်ရွှင်မှုကို တည်ဆောက်နိုင်ဖို့ အတွက် ပြည်သူ ပြည်သားများရဲ့ ပြင်းပြတဲ့ဆန္ဒကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတော်သစ်တစ်ခုကို အတူတကွ တည်ထောင်နေကြတာ ဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့ အချိန်တွေမှာ ကျွန်တော်တို့အပေါ် စာနာနားလည်မှု၊ ထောက်ခံအားပေးမှု ပြသကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ရှိကြောင်းနဲ့ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ တန်ဖိုးထားကြောင်း ပြောကြားလိုပါတယ်။ 

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုပါတယ်။ ၂၀၁၉ ခုနှစ်၊ မေလမှာ ကုလသမဂ္ဂက အမုန်းစကား ဆန့်ကျင်ရေး ဆိုင်ရာမဟာဗျူဟာနဲ့ လုပ်ငန်းစီမံချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အမုန်းစကားနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ကိုင်တွယ်ဖြေရှင်းဖို့ အထူးလိုအပ်လျက်ရှိနေတဲ့ အတွက် ဒီထုတ်ပြန်ချက် အပေါ် ဝမ်းမြောက်စွာကြိုဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် စောစောကတင်ပြခဲ့သလိုပဲ နိုင်ငံတကာမှာလည်း ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ ရှုထောင့်အမြင်များရှိဖို့ လိုပါတယ်။

တစ်ဖက်သားကို ထိတ်လန့်စက်ဆုပ်ဖွယ်ရာအဖြစ် ဆိုးရွားစွာ ပုံဖော်ဝေဖန်ပုတ်ခတ်ခြင်းဟာ ရှေးအကျဆုံးသော ဝါဒဖြန့်ချိမှု နည်းလမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။ မဟာမိတ်တွေ ဂိုဏ်းဂဏ စုဖွဲ့ပြီး တရားနည်းလမ်း မှန်ကန် မျှတမှုမရှိတဲ့ ရည်မှန်းချက် အာဂျင်ဒါတစ်ခုအတွက် တစ်ဖက်ရန်သူ လို့ ၎င်းတို့ သတ်မှတ်ထားသူအပေါ် အခြားသူများက မလိုမုန်းထားမှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းခံရသူများအနေနဲ့ အရည်အသွေိး အဆင့်အတန်း ထိန်းသိမ်းမှုနဲ့ သမာသမတ် ကျမှုတို့ရဲ့ အမြင့်မားဆုံးသော စံနှုန်းတွေကို လိုက်နာကြဖို့နဲ့ သူတို့ကို ပံ့ပိုးထောက်ခံနေသူတွေ သဘောကျ ကျေနပ်စေဖို့အတွက် မျက်နှာလုပ် ဆောင်ရွက်တာမျိုး‌တွေ မပြုမိဖို့ အလွန်အရေး ကြီးပါတယ်။

မြန်မာနိုင်ငံအပေါ် ဆိုးရွားပြင်းထန်တဲ့ စွပ်စွဲမှုတွေပြုလုပ်လျက်ရှိကြပါတယ်။ ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား အထင်အရှားနဲ့  စုံစမ်းစစ်ဆေး တရားစီရင်မှုတွေပြုလုပ် ခဲ့ခြင်းမရှိဘဲ အပြစ်ရှိကြောင်းစီရင်ချက် ကို နိုင်ငံတကာ အသိုက်အဝန်းမှ အချို့သော သူများက ချမှတ်ခဲ့ပြီးတဲ့ ပုံစံမျိုးတွေ့မြင်နေရပါတယ်။ တိကျ ခိုင်လုံမှုမရှိတဲ့ သတင်းအချက်အလက်တွေကို အသုံးပြုပြီး အလွန်အမင်းဆိုးရွားစွာ ပုံ‌ဖော်ဝေဖန်ပုတ်ခတ်မှုဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းနဲ့ ပြည်သူများအချင်းချင်းအကြား အမုန်းတရားကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒီအမုန်း တရားဟာ နာကြည်းမုန်းတီးမှုနဲ့ ပဋိပက္ခတို့ ပေါ်ပေါက်လာစေတဲ့ ရှေ့ပြေး နိမိတ်ပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခြေပြုရာဖြစ်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်ထားတဲ့ ပင်မမျှော်မှန်းချက်တွေကို အားလျော့စေမှာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ မျှတတဲ့ဆက်ဆံမှုကိုသာ တောင်းဆိုခြင်း ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကိုယ့်ထင်မြင်ချက်တွေအရ ကောက်ချက်မချမီမှာ မြန်မာ နိုင်ငံအပေါ် အပြုသဘောမဆောင်တဲ့ ပြောကြားချက်တွေကို စေ့စပ်သေချာစွာနဲ့ ဘက်လိုက်မှုမရှိဘဲ ဆန်းစစ်လေ့လာကြဖို့ ပန်ကြားလိုပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ကြသူ အားလုံးအတွက် ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ ရရှိစေရေးအတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှု တွေအပေါ် နိုင်ငံတကာအသိုက်အဝန်းက နားလည်မှုရှိပြီး၊ ဆက်လက်ထောက်ခံအားပေးမှုများကို အထူးတန်ဖိုးထား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

 

ကျေးဇူးတင်ပါတယ်၊ သဘာပတိကြီးခင်ဗျား။