ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၃၁
ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနိုသည် ယနေ့တွင် မြန်မာနိုင်ငံသို့ တစ်ရက်တာခရီး လာရောက်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို အား နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးတူဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးတွင် ဆက်လက်ကူညီသွားရေး၊ မြန်မာနိုင်ငံအစိုးရ၏ ရခိုင်အရေးကိစ္စတွင် ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းကူညီသွားရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို မြန်ဆန်စေရေးအတွက် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာရိုဟေးဆာဆာကာဝါနှင့်အတူ ပူးပေါင်းကူညီသွားရေး၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို အကူအညီပေးရန် သဘောတူထားသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား Hilton ဟိုတယ်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

Similar News