အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကြားနာမှုဆိုင်ရာအတွေ့အကြုံများ စကားဝိုင်းကျင်းပ

ဒီဇင်ဘာ ၂၁

          အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice - ICJ) ကြားနာမှုဆိုင်ရာ အတွေ့အကြုံများ စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးကိုကို (စက်မှုတက္ကသိုလ်)က ဆောင်ရွက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ(ပူးတွဲကိုယ်စားလှယ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့) ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး(အဖွဲ့ဝင်၊ မြန်မာကိုယ်စားလှယ်အဖွဲ့) အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် ရှေ့နေ ကောင်စီ၏ အသိအမှတ်ပြု ရှေ့နေ၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ ကုန်သွယ်ရေး ကျွမ်းကျင်သူ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ဦးသီဟန်မျိုးညွန့် (အဖွဲ့ဝင်၊ မြန်မာ ကိုယ်စားလှယ်အဖွဲ့) နှင့် ဝါရှင်တန်ဒီစီ အခြေစိုက် Law Firm တွင် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ၊ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ဦးကျော်တင်(အဖွဲ့ဝင်၊ မြန်မာ ကိုယ်စားလှယ်အဖွဲ့) တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ဦးကိုကို။       ။နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့တဲ့ ICJ ဆိုင်ရာ ကြားနာမှုကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ရဲ့ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံများကို ပြန်လည်တင်ပြဖို့ အတွက် ဒီစကားဝိုင်းကို စီစဉ်ရခြင်းဖြစ်ပါတယ်။

          မင်္ဂလာပါခင်ဗျာ။ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး သွားရောက်လျှောက်လဲခဲ့တာတွေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီး ရုပ်မြင် သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်ကာ ဆိုရှယ်မိဒီယာတွေမှာလည်း ထုတ်လွှင့် တာတေ ကြည့်တဲ့အခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ကျွန်တော်တို့ကို တာဝန်ခံ ပေးတဲ့ တကယ်ကျွမ်းကျင်တဲ့ ရှေ့နေကြီးတွေက မြန်မာနိုင်ငံဖက်က မားမား မတ်မတ် အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ လျှောက်လဲတင်ပြတာတွေ တွေ့ရတဲ့အတွက် ပြည်သူ တွေကလည်း အထူးပဲ နှစ်ထောင်းအားရ ဖြစ်ကြရပါတယ်။

          အဲဒီလို ဖြစ်ခြင်းနဲ့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ ဆရာတို့ ဆရာမတို့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါမှာလည်း အင်မတန်မှ ဝမ်းသာစရာမြင်ကွင်းပါ။ နေပြည်တော်လမ်းတစ်လျှောက်မှာ ပြည်သူတွေဟာ လှိုက်လှိုက်လှဲလှဲနဲ့ ထောက်ခံအားပေးကြိုဆိုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ထိုနည်း လည်းကောင်းပဲ ပြည်သူတွေက ပြန်လာတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ အတွေ့အကြုံ ဘယ်လိုများ မျှဝေပေးမလဲ၊ ဟိုမှာ ဘယ်လို တွေ့ကြုံခဲ့ရသလဲ စသဖြင့် သိချင် နေကြပါ တယ်။ အဲဒါကြောင့်လည်း ဒီနေ့စကားဝိုင်းကို စီစဉ်ရခြင်းဖြစ်ပါတယ်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကို ပထမဦးဆုံးဆွေးနွေး စေချင်တာ ကတော့ ပြည်ထောင်စုဝန်ကြီးက ပူးတွဲကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့တဲ့သူတစ်ဦး ဖြစ်တဲ့ အတွက် အဲဒီအပြည်ပြည်ဆိုင်ရာ တရားရုံးသွားရောက်ခဲ့တဲ့အတွေ့အကြုံကို မျှဝေပေးပါဦးခင်ဗျာ။

ဦးကျော်တင့်ဆွေ။   ကျွန်တော့်အနေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ International Court of Justice -ICJ မှာ ကြားနာမှုများနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေကို အခုလိုမျှဝေခွင့်ရတဲ့အတွက် များစွာ ဝမ်းသာ ပါတယ်။ တိုတိုပြောရရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ခေါင်းဆောင်တဲ့ အတွက်လည်း ထိရောက်အောင်မြင်မှု အများကြီးရခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ဒီပြဿနာရဲ့ အရင်းအမြစ်က ARSA က ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ရဲစခန်း ၃၀ နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဌာနချုပ်တစ်ခုကို တစ်ပြိုင်နက် တိုက်ခိုက်မှု အပေါ် တပ်မတော်အနေနဲ့ ပြန်လည်ကာကွယ်တိုက်ခိုက်ရင်းနဲ့ ဒီကိစ္စတွေ ဖြစ်လာ တယ်ဆိုတာကို ကမ္ဘာကသိအောင် ပြောနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂမ်ဘီယာနိုင်ငံက ကျွန်တော်တို့ကို စွပ်စွဲတဲ့အချက်မှာရော၊ ကုလသမဂ္ဂ Report တွေမှာရော ဒီအချက်ကို လုံးဝထိမ်ချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။

          တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဖြစ်ပွားခဲ့တဲ့ကိစ္စဟာ ဥပဒေကြောင်းအရ Genocide လူမျိုးပြုန်းတီးစေမှု မဟုတ်ဘူး ဆိုတာကို ထိရောက်စွာ ပြောခဲ့နိုင်ပါတယ်။ ကျွန်တော်တို့ရှေ့နေတွေကလည်း ဒီကိစ္စ ဟာ ICJ ကို လုံး၀ ရောက်ရမယ့် ကိစ္စမဟုတ်ဘူး၊ Genocide မဟုတ်ဘူး ဆိုတာ ကိုလည်း ထိထိရောက်ရောက်ပြောခဲ့နိုင်ပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် ဒီလုပ်ဆောင်ချက် တွေ အပေါ်မူတည်ပြီး ပြည်သူလူထုကို အခုလို သိစေချင်တယ်။ မျှဝေစေချင်ပါတယ်ဆိုတဲ့ အချက်ပါပဲ။

ဦးကိုကို။       ။ပြည်ထောင်စုဝန်ကြီးခင်ဗျာ။ အခုလို ရှင်းပြလို့လည်းသိရပါတယ်။ ကျွန်တော်တို့ ပထမအကြိမ်စကားဝိုင်းတုန်းကလည်း ပြောခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်သွားရောက်ခဲ့တယ်။ အဲဒီလို သွားရောက်ခဲ့တာဟာ စွန့်စားရာမကျဘူးလား။ သူ့မှာရော အန္တရာယ်တွေ မရှိနိုင်ဘူး လားဆိုပြီး တွေးတာလေးတွေလည်းရှိတယ်။ အဲဒီလို အသံတွေလည်း ထွက်တော့ သွားရ၊စွန့်စားရတဲ့ကိစ္စနဲ့   ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါအုံးခင်ဗျာ။

ဦးကျော်တင့်ဆွေ။   ။ဒါနဲ့ ပတ်သက်ပြီး စွန့်စားရာကျတယ်ဆိုပြီးတော့ ပြောမယ်ဆိုရင် လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်း၊ ပြည်ပကရော၊ ရင်းနှီးတဲ့ သူတွေကပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်မသွားပါနဲ့။ သွားတယ် ဆိုရင် နံပါတ် အနေနဲ့ လိုရာဆွဲပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပေါ်လာလိမ့်မယ်ဆိုပြီး အကြံပြုတာရှိပါတယ်။ နောက်တစ်ခုကလည်း ဥပဒေကြောင်းအရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှာ Superior Responsibility ဆိုတဲ့ ဒီကိစ္စကို ဘာကြောင့်မတားဆီးနိုင်ရသလဲဆိုပြီး စွပ်စွဲချက်တွေနဲ့ ရုံးတော်မှာ ရင်ဆိုင်ရ အောင်လို့ ဆောင်ရွက်မယ့် အလားအလာတွေလည်း ရှိတယ်။

          သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ သူရဲ့ ဆုံးဖြတ်ချက်က ပြတ်ပါတယ်။ ဒီကိစ္စကို သွားရှင်းပြ ရာမှာ သူကိုယ်တိုင်ရှင်းပြတယ်ဆိုရင် ပိုပြီး သိရှိနားလည်မှု၊ လက်ခံမှုရှိလာမယ်ဆိုပြီး ယူဆတယ်။ ပြီးတော့ ဒီကိစ္စဟာ နိုင်ငံတော် ရဲ့ အရေးကိစ္စ၊ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အရေးကိစ္စလည်း ဖြစ်တယ်၊ ဒါကြောင့် သူ့မှာ တာဝန်ရှိတယ်။ အဲဒီလို မသွားဘူးဆိုရင် သူနိုင်ငံတော်အပေါ်မှာ တာဝန်ကျေမှာ မဟုတ်ဘူးလို့  ရပ်တည်ထားပြီး ဘာပဲဖြစ်ဖြစ်ဆိုပြီး သွားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကလည်း မှန်တယ်လို့ပဲ ယူဆပါတယ်။

ဦးကိုကို။       ။ဦးသီဟန်မျိုးညွန့်ခင်ဗျာ ဖြည့်စွက်ပြီးတော့ နည်းနည်းလေး ပြောပြပေးပါ အုံးခင်ဗျာ။

ဦးသီဟန်မျိုးညွန့်။   ကျွန်တော်ရှေ့နေရှုထောင့်ကနေ နည်းနည်း ထပ်ဖြည့်ပေးချင် ပါတယ်ခင်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နယ်သာလန်နိုင်ငံ ကို သွားတဲ့အချိန်မှာ နည်းနည်းစွန့်စွန့်စားစားလေးကတော့ ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ဆိုတာ International Court of Justice-  ICJ ရှိတဲ့မြို့ တင်မကပါဘူး မြန်မာနိုင်ငံကို တရားစွဲဖို့ ကြိုးပမ်းနေတဲ့ International Criminal Court -ICC  ရှိတဲ့ မြို့လည်းဖြစ်ပါတယ်။ပြီးတော့ ဒီခရီးမစတင်ခင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ Head of State Immunity အပြည့်အဝ ခံစားခွင့်ရမလား၊ မရဘူးလားဆိုတာကိုလည်း အဲဒီတုန်းက သေသေချာချာ မသိသေးပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နယ်သာလန်နိုင်ငံက Universal of Dual-Station ဆိုတာကို လက်ခံထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို ICC ကလည်းဖမ်းဖို့ Arrest Warrant Issue လုပ် မလုပ်ဆိုတာ ကျွန်တော်တို့ သေသေချာချာ ပြောလို့ မရသေးပါ ဘူး။ ခုန ဝန်ကြီး ပြောသလိုပါပဲ။ စထွက်ထွက်ချင်းကတော့ ကျွန်တော်တို့ စွန့်စွန့် စားစားလေး ထွက်လာရပါတယ်။

ဦးကိုကို။       ။အဲဒီတော့ ခုန ပြည်ထောင်စုဝန်ကြီး ရှင်းပြသလို သိသိနဲ့ပဲ  Risk ရှိတယ်။ အဲဒီ Risk ကို ယူပြီး ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့ကနေ မားမားမတ်မတ်နဲ့ ပြောပေးတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ လျှောက်လဲတာတွေကို ကြည့်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပထမဦးဆုံးလျှောက်လဲချက်တွေက တော်တော် ထိထိမိမိရှိတယ်။ ပြောတာဆိုတာတွေလည်း တော်တော်ကောင်းတယ်။ ထိုနည်း လည်းကောင်းပဲ ကျွန်တော်တို့ရဲ့ ရှေ့နေကြီးတွေက အသီးသီး သူ့ရှုထောင့်နဲ့သူ သူ့အချက်တွေနဲ့သူ ပြောတာတွေလည်း တော်တော်လေးကောင်းပါတယ် အဲဒီတော့ ဒီလောက်တော်တဲ့ ရှေ့နေကြီးတွေကို ဘယ်လိုများ မြန်မာအစိုးရဖက်က ရှေ့နေလိုက် ပေးဖို့ ရအောင်ဆောင်ရွက်ခဲ့သလဲ ဆိုပြီး အချို့က မေးနေကြတာလည်း ရှိတယ်။ ဘယ်သူမှလည်း ဒီအဖြေကို မသိကြဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း  ရှင်းပြပေး ပါဦးခင်ဗျာ။

ဦးကျော်တင့်ဆွေ။   ဟုတ်ကဲ့ ခင်ဗျာ။ Genocide ဆိုတဲ့ကိစ္စကလည်း ကမ္ဘာမှာ တရားရုံးရောက်တာ အင်မတန်မှ ရှားပါတယ်။ ဒီ Genocide နဲ့ ပတ်သက်လို့လည်း ကမ္ဘာမှာ အတော်ဆုံးလို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ကြီးငါးယောက်ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ ဒီကိစ္စအမှုပေါ်ပေါက်လာပြီဆိုတဲ့အခါ ဒီအတော်ဆုံးငါးယောက် ထဲက ဘယ်သူ့ကိုရွေးမလဲဆိုပြီး ချဉ်းကပ်ပါတယ်။ ဦးစွာပထမ ကျွန်တော်တို့က ခေါင်းဆောင်ရှေ့နေအနေနဲ့ ဒေါက်တာ စတိတ်ကာ (Dr.Christopher Staker) ဆိုတာကို အရင်ရွေးလိုက်ပါတယ်။ သူနဲ့တိုင်ပင်ပြီးတော့  အခု ကျွန်တော်တို့ ရှေ့နေ အဖြစ် ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေကို ချဉ်းကပ်ပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

          ဒီပုဂ္ဂိုလ်တွေထဲမှာ ဥပမာ- ပါမောက္ခ ရှေးဘတ်စ်(Prof. William Schabas) ဆိုရင် လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အင်မတန်မှ အလေးထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘာကြောင့် ကျွန်တော် တို့ဘက်က လိုက်ပါဆောင်ရွက်သလဲ ဆိုတော့ သူကိုယ်တိုင် ကိုက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ကိစ္စသည် ဥပဒေကြောင်းအရ Genocide ခေါ်ဆို နိုင်တဲ့ ကိစ္စမရှိဘူးဆိုပြီး သူ့အနေနဲ့  ယုံကြည်မှု အပြည့်နဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒေါက်တာရှေးဘတ်စ်နဲ့ ပတ်သက်ရင် ဦးသီဟန်မျိုးညွန့် ဒီထက်မက ဆက်ပြီး ပြောနိုင်ပါတယ်။

ဦးသီဟန်မျိုးညွန့်။   ။ပါမောက္ခ ရှေးဘတ်စ်ကတော့ အခုလောလောဆယ် မစ်ဒယ် ဆက်စ်တက္ကသိုလ်(Middlesex University) မှာ International Law နဲ့ International Human Rights Law ကို သင်ကြားနေတဲ့ ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ဝန်ကြီးပြောသလိုပဲ ပါမောက္ခ ရှေးဘတ်စ်က Genocide ကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ကျွမ်းကျင်သူတွေကို လက်ချိုးရေတွက်လိုက်မယ်ဆိုရင် အဲဒီလို လက်ချိုး ရေတွက်လို့ရတဲ့ အထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပါတယ်။

          Genocide ကိစ္စကိုလည်း အရှေ့၊ အနောက်၊ တောင်၊ မြောက်အကုန် ကျွမ်းကျွမ်းကျင်ကျင် နားလည်သိရှိတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်ဖြစ်ပါတယ်။ အဲဒါတင် မကပါဘူး။ ပါမောက္ခရှေးဘတ်စ်က ရှေ့နေ လောကမှာ အရင်တုန်းကလည်း ကြားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ရဲ့ ရှေ့နေလောကထဲမှာ တကယ့်နာမည်ကြီး ရှေ့နေ တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်ရှေ့နေ ကျောင်းတက်တုန်းကရော၊ ရှေ့နေ လောကထဲကို စတင်ဝင်ရောက်ချိန်ကရော သူ့အကြောင်းတွေ ကျွန်တော် သိခဲ့ပါတယ်။ သူက Case Western Reserve University Law School က ကျွန်တော့်ဆရာ အရင်း မိုက်ကယ်ရှနဲ့ သူနဲ့ကလည်း သူငယ်ချင်းအရင်းတွေဖြစ်ပါတယ်။ စာအုပ်တွေလည်း အတူတူ တွဲရေးဖူးပါတယ်။

          ပြီးတော့ အဲဒါတင်မကဘူး၊ ICJ တရားသူကြီးတွေ ရှေ့မှာ သူလျှောက်တုန်းက လည်း ကျွန်တော့် ရဲ့ ဆရာအရင်းနောက်တစ်ယောက်အကြောင်းကို သူပြောခဲ့ပါတယ်။ ဒီကိစ္စတွေကြောင့် လည်း သူ့အကြောင်း တော်တော်များများကို သိရှိနိုင်ခဲ့ပါတယ်။

ဦးကိုကို။       ။မစ္စတာရှေးဘတ်စ်က ရှေ့နေလောက၊ပညာရှင်လောကမှာတော့ နာမည် ကျော် နေတာကြာပြီ၊ ဒါပေမယ့် မစ္စတာရှေးဘတ်စ်က ကျွန်တော်တို့ မြန်မာနိုင်ငံ တရားစွဲခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေလိုက်ပေးတော့မှ မြန်မာပြည်သူတွေ တော်တော်သိသွားတယ်။ သူ့နာမည်ကလည်း တော်တော့်ကို ပေါ်ပြူလာဖြစ်လာတယ်။ ဒီပုဂ္ဂိုလ် တော်္လိုက်တာ ပြောတာ၊ ဆိုတာကလည်း ချက်ကျလက်ကျနဲ့ ပြောတယ် ဆိုတော့ သူပြောတာတွေ အများကြီးထဲမှာ ကျွန်တော်တို့ တကယ်ကို မှတ်လောက် သားလောက်တာတွေရှိရင်လည်း နည်းနည်းလေး ရှင်းပြပေးပါဦးခင်ဗျာ။

ဦးသီဟန်မျိုးညွန့်   ။ဟုတ်ကဲ့ခင်ဗျာ။ သူပြောသွားတဲ့အချက်တွေက တကယ် လေ့လာ ချင်ရင် ရှေ့နေကျောင်းမှာ သင်ပေးလို့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ သူပြောသွားတဲ့  Argument တွေက very instructive ဖြစ်ပါတယ်။ ဒါပေမယ့် အဓိကကျတဲ့အချက်တွေကို ဆွဲထုတ်ရမယ်ဆိုရင် အရေးအကြီးဆုံးက သူပြောသွားတဲ့ Argument တွေက ဥပဒေအပေါ်မှာ အခြေခံပြီး သူပြောသွားတာဖြစ်ပါတယ်။ သူစစချင်းပြောတာက ဘာကနေစလဲဆိုတော့ ICJ ရှေ့မှာ Genocide ကိစ္စနဲ့ ပတ်သက်ရင် အမှုက နှစ်ခုပဲရှိတယ်။ ဒီအမှုနှစ်ခုကို ဆုံးဖြတ်တဲ့ အချိန်မှာလည်း ICJ က ဘယ်လိုဆုံးဖြတ်ခဲ့ပါတယ်။ တောင်းဆိုတဲ့သူတွေကလည်း Genocide ကို မအောင်မြင်ခဲ့ပါဘူး။ အမှုမနိုင်ခဲ့ပါဘူး အဲဒါတင်မကဘူး။

          ICJ ရှေ့မှာ Genocide နဲ့ ပတ်သက်ပြီး အမှုပေါ်လာရင် ဘယ်လိုမျိုး Legal Standard မြင့်မြင့်သုံးသလား၊ နိမ့်နိမ့်သုံးသလား။ သူကပြောတာတော့ Legal Standard အမြင့်ဆုံးနေရာမှာသုံးတာများပါတယ်။ အဲဒါကနေစပြီး သူက ဘယ်ကို သွားချင်တာလဲ  ဆိုတော့ သူအဓိက Argue လုပ်တာက (Plausible Claim) ယုတ္တိရှိ သော တောင်းဆိုချက် ရှိသလား၊မရှိဘူးလားဆိုတာ ICJ ဆုံးဖြတ်တဲ့အချိန်မှာ ဘယ်လို ဆုံးဖြတ်ရမလဲ အပေါ်မှာ သူက Argument လုပ်တာဖြစ်ပါတယ်။ (Plausible Claim) ယုတ္တိရှိသောတောင်းဆိုချက် ရှိသလား၊မရှိဘူးလားဆိုတာ ICJ အနေနဲ့  Provisional Measures Stage ဆုံးဖြတ်တဲ့အချိန်မှာ ဘယ်လိုမျိုး Standard မျိုးထားသင့်သလဲ။ သူ ICJ က တရားသူကြီးတွေကို ထောက်ပြတာကတော့ ဒီလိုဆုံးဖြတ်တဲ့အချိန်မှာ Genocide Convention မှာ ဆုံးဖြတ်တဲ့ Standard မျိုးထားသင့်ပါတယ်။

          ဘာဖြစ်လို့ ထားသင့်လဲဆိုတော့ ဒီ Genocide ဆိုတဲ့ ကိစ္စဟာ နက်ရှိုင်းပြီး ကမ္ဘာပေါ်မှာ တကယ့် အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် တကယ်လိုအပ်တဲ့ Standard မြင့်မြင့်မားမား ထားမှသာလျှင် ဒီ (Plausible Claim) ယုတ္တိရှိသော တောင်းဆိုချက်က တကယ်လို့ ဆက်သွားမယ်ဆိုရင် အောင်မြင်မှုရှိနိုင်မလား၊ မရှိနိုင်ဘူးလားဆိုတာ မြင်နိုင်မယ်လို့ သူကပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကို သူက ဘယ်က ဆွဲယူလိုက်သလဲ ဆိုတော့ ဟိုဖက်ဂမ်ဘီယာဖက်က တင်ပြတဲ့ အချက်အလက်တွေကို ကြည့်လိုက်ပြီး သူက Genocide Convention မှာသုံးတဲ့ Standard မျိုးသုံးမယ်ဆိုရင် အဓိကကျတဲ့ အချက် Genocide of Intent ဆိုတာ ဟိုဖက်က ပြောထားတဲ့ အချက်အလက် တွေထဲမှာ မပါဘူးဆိုတာ သူက ပြောတယ်။

          ဒီလိုမျိုး Genocide of Intent မပါဘူးဆိုရင် ရှေ့ဆက်သွားရင် (Plausible Claim) ယုတ္တိရှိသော တောင်းဆိုချက် တင်မက  Possibility of Success က ရှိချင်မှတောင် ရှိနိုင်ပါတယ်။ အခုလက်ရှိဆုံးဖြတ်တဲ့အချိန်မှာလည်း (Plausible Claim) က မရှိနိုင်ပါဘူးလို့ သူကပြောပါတယ်။ အဲဒါတွေတင်မကပါဘူး။ နောက်ပြီး ဆွဲထုတ် ရမယ့်အချက်က တရားသူကြီးတွေကို သူဘာတွေထောက်ပြသလဲဆိုတော့ ဂမ်ဘီယာ နိုင်ငံက အချက်အလက်တွေက ဘယ်ကိုပဲ အဓိကအခြေခံထားသလဲဆိုတာ သူထောက်ပြခဲ့ပါ တယ်။  ဒါတွေက Fact -Finding Mission Report (FFM Report) ရှိတယ်။ Special Rapporteur မစ္စယန်ဟီလီထောက်ပြခဲ့တဲ့ ကိစ္စတွေကိုလည်း သူ ဆက်လက်ပြီး တရားသူကြီးတွေကို ရှင်းပြခဲ့ပါတယ်။

ဦးကျော်တင့်ဆွေ။   ။သူတင်ပြတဲ့အချက်တွေထဲမှာ တော်တော် ထိရောက်တဲ့ အချက်တွေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကို ICC က တရားစွဲ ထားတယ်။ ကျွန်တော်တို့က ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်မခံထားဘူး။ အဲဒီလို လက်မခံထားတဲ့ ICC မှာတောင် ကျွန်တော်တို့ကို တရားစွဲထားတာ Genocide နဲ့ တရားစွဲဆိုထားတာ မဟုတ်ဘူး။ ဒါကြောင့် ICC မှာတောင် Genocide နဲ့ တရားစွဲဆိုထားခြင်းမပြုတဲ့အတွက် ဒီဖက်မှာ Genocide ဘယ်လိုမှမမြောက်ပါဘူးဆိုပြီး ကျွန်တော်တို့ ICC ရဲ့ တရားစွဲဆိုထားတဲ့အချက်ကိုပဲ ပြန်သုံးပြီးတော့ ချေပထားတာ တွေ့ရတယ်။

ဦးကိုကို။       အဲဒီတော့ ကျွန်တော်တို့ ရှေ့နေတွေကတော့ လျှောက်လဲထားတာ အများကြီးပေါ့လေ။ ဆရာမသိသလောက်လေး အတွေ့အကြုံလေး မျှပါဦး။

ဒေါက်တာသီတာဦး။                   ။ဟုတ်ကဲ့ပါဆရာ။ မြန်မာနိုင်ငံကနေပြီးတော့ ICJ မှာ သွားရောက်ပြီး ရင်ဆိုင်ဖြေရှင်းတဲ့ကိစ္စမှာ ကျွန်မက ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ပါဝင်ခွင့်ရပြီးတော့ ရရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို ပြည်သူကို ပြန်လည်ပြီးတော့ မျှဝေခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီသွားခဲ့တဲ့ ခရီးစဉ်မှာ ကျွန်မကတော့ ဥပဒေသမားပီပီ အဓိက ကျွန်မ အာရုံစိုက်ပြီးတော့ စိတ်ဝင်စားပြီး၊ စိတ်အားထက်သန်ခဲ့တာက ကျွန်မတို့ဘက်ကနေ ခုခံကာကွယ်ပြောဆို ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် ရှေ့နေကြီးတွေပါ။ ကျွန်မတို့ နိုင်ငံရဲ့ ရပ်တည်ချက် တွေကို ဥပဒေကြောင်းနဲ့ တိကျမှန်ကန်စွာ ခုခံကာကွယ်ပေးနိုင်ခဲ့တယ်။

          သူတို့ရဲ့ လျှောက်လဲချက်တွေဟာ တကယ်ကို တန်ဖိုးရှိပြီးတော့ အင်မတန် စိတ်ဝင်စား အာရုံစိုက်ခဲ့ရတဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ပြီးတော့ ရှေ့နေကြီး တွေဟာ ကျွန်မတို့ ဥပဒေပညာသင်နေခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဒီရှေ့နေကြီး တွေ ရေးသားခဲ့တဲ့ စာအုပ်တွေအပေါ်မှာ ကိုးကားပြီးတော့ ကျွန်မတို့က သင်ခဲ့ရတာပါ။ အခုကျတော့ ဒီရှေ့နေကြီးတွေ ကိုယ်တိုင်က ကျွန်မတို့ မြန်မာနိုင်ငံဘက်ကနေပြီးတော့ ခုခံပြောဆို နေတဲ့အခါမှာ ကျွန်မအနေနဲ့ ဒါကို နားထောင်ခွင့်ရတယ်။

 ကျွန်မတို့ နိုင်ငံသားတွေ အတွက်ရော၊ ကျွန်မကိုယ်တိုင်အတွက်ရော ဂုဏ်ယူ မိပါတယ်။ ဒီရှေ့နေကြီးမျိုးကို ရှာဖွေပြီးတော့၊ ငှားရမ်းပြီးတော့ ရှာဖွေပေးခဲ့တဲ့ နိုင်ငံ တော် အကြီးအကဲတွေဟာလည်း အင်မတန်မှ ကျေးဇူးတင်စရာကောင်းပါတယ်လို့ ပထမဦးဆုံး ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်။

Mr.Christopher Staker ကတော့ သူက ICJ မှာကိုပဲ ဥပဒေဌာနမှူး လုပ်ခဲ့ဖူးပါ တယ်။ သူက ဩစတြေးလျနိုင်ငံရဲ့ လက်ထောက် ရှေ့နေချုပ်ပါ။ ဆီယာလီယွန်မှာရှိတဲ့ အထူးတရားရုံးမှာ ဒုတိယရှေ့နေချုပ် လုပ်ခဲ့ပါတယ်။ သူက အပြည်ပြည် ဆိုင်ရာ ဥပဒေပညာရှင် ရှေ့နေတစ်ယောက်အနေနဲ့  ဒီ ICJ မှာလည်း သူ အမှုလိုက်ခဲ့ တယ်။ နောက်ပြီးတော့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်မှု၊ International Tribunal for the Law of the Sea(ITLOS) မှာလည်း ရှေ့နေ လိုက်ခဲ့တယ်။ သူက ဆီယာလီယွန် တရားရုံးမှာသော်လည်းကောင်း၊ ယူဂိုဆလားဗီးယား အထူးရာဇဝတ်တရားရုံး တွေမှာရော၊ ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးတရားရုံးတွေမှာ အထူးသဖြင့် အပြည် ပြည်ဆိုင်ရာ ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရား စီရင်ရေးကို အထူးပြုပြီး လိုက်တဲ့ ရှေ့နေကြီးဖြစ်ပါတယ်။

ဦးကိုကို။       ။ရှေ့နေကြီး Mr.Christopher Staker ရဲ့ လျှောက်လဲချက်ပေါ့။ ကျွန်တော် တို့ ပြန်ပြီး ချေပရတာပါ။ သူရဲ့ ချေပတဲ့အချက်တွေထဲက ဆရာမ မှတ်မှတ် သားသား ဖြစ်တာလေးတွေရှိရင် ဝေမျှပါဦး။

ဒေါက်တာသီတာဦး။                   Mr.Christopher Staker ရဲ့ Argument ထဲမှာ ကျွန်မ တို့ တောက်လျှောက် အာရုံစိုက်ပြီး နားထောင်ခဲ့ပါတယ်။ ဒီစကားဝိုင်းမှာ အထူး Highlight လုပ်ပြီး ဆွေးနွေးပေးချင်တာက ပထမဦးဆုံး သူပြောခဲ့တဲ့ အချက်က Organisation of Islamic Cooperation -OIC ကိုယ်စားပြုပြီး ဂမ်ဘီယာနိုင်ငံက နိုင်ငံတစ်နိုင်ငံအနေနဲ့ ICJ မှာ ရင်ဆိုင်ဖြေရှင်းဖို့ တောင်းဆိုခဲ့တာပါရှင့်။ အဲဒါကို သူတို့ကိုယ်တိုင် ကြေညာ ထားခဲ့တာ။ ဥပမာဆိုရင် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဂျကာတာပို့စ်မှာ Organisation of Islamic Cooperation -OIC ကိုယ်စား ဂမ်ဘီယာက ICJ ကို သွားမယ်။ နောက်တစ်ခါ ကျတော့ ဂမ်ဘီယာကိုယ်တိုင်ကလည်း OIC ကိုယ်စား ICJ မှာ အမှုရင်ဆိုင်မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း OIC ကိုယ်စား ဂမ်ဘီယာက ICJ သွားမှာကို ဝမ်းသာ ဂုဏ်ယူကြောင်းပေါ့။ နောက်တစ်ခုက OIC ကနေပြီးတော့ Funded လုပ်တယ်။ ဂမ်ဘီယာကို အမှုစွဲဖို့၊ ငွေရေးကြေးရေး ထောက်ပံ့ ကူညီတယ်။ အဲဒီအထဲက အဖွဲ့ဝင် အချို့ရဲ့ ငွေရေးကြေးရေးထောက်ပံ့ကူညီမှုတွေ ဒါတွေကို သူက အရင်တင်ပြလိုက်ပါ တယ်ရှင့်။

တင်ပြလိုက်တဲ့ သဘောက သူတို့ ကြိုးနဲ့ သူတို့ ပြန်ပြီး ချည်သလိုမျိုး ပြောရမ လား။ ဆိုလိုချင်တာက ICJ မှာ စာချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံကသာလျှင် တရားစွဲဆို ရင်ဆိုင် ဖြေရှင်းခွင့်ရှိတယ်။ OIC ဆိုတာက ICJ မှာ တရားစွဲဆိုခွင့်မရှိတဲ့ Status ရှိတဲ့ အဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။  အဖွဲ့အစည်းဖြစ်တဲ့ OIC က ဂမ်ဘီယာနိုင်ငံမျိုးကို ကိုယ်စား လှယ်အနေနဲ့ လွှဲပြီးတော့ နိုင်ငံတစ်နိုင်ငံအနေနဲ့ စွဲခိုင်းမယ်ဆိုရင် နောင်မှာ ဒီလိုမျိုး အဖွဲ့အစည်းတွေကနေပြီးတော့ နိုင်ငံတစ်နိုင်ငံကို အခုလို လုပ်ပြီး ICJ မှာ အမှုစွဲခိုင်းရင် ဘယ်လို ဖြေရှင်းမလဲ။

ဘာဖြစ်လို့လဲဆိုတော့ OIC လို အဖွဲ့အစည်းမျိုးက ICJ မှာ Advisory Opinion ဥပဒေနဲ့ ပတ်သက်ပြီး အကြံဥာဏ် တောင်းယူတာ အဲဒီလိုမျိုး လုပ်ခွင့်ရှိတဲ့ အဖွဲ့အ စည်းမျိုး မဟုတ်ပါဘူး။ Advisory Opinion တစ်ခုရဲ့ တန်ဖိုးဆိုတာလည်း ICJ က ဒီဟာကို Opinion ပေးလိုက်ရင် တစ်ကမ္ဘာလုံးက လိုက်နာရမယ့် Rule တစ်ခုလို ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဟာမျိုးကို နောက်ပိုင်းမှာ ဒီလိုအနေအထားမျိုးနဲ့ အဖွဲ့အစည်း တစ်ခုက နိုင်ငံတစ်ခုကို ကိုယ်စားပြုပြီးတော့ ဒီလို ICJ မှာ စွဲခိုင်းလို့ ဒီလို Opinion  ထွက်လာခဲ့ရင် ICJ က ဘယ်လိုလုပ်ပြီးတော့ ဖြေရှင်းမလဲဆိုတာပါ။

ဦးကျော်တင့်ဆွေ။   ။အဓိက က ဘာလဲဆိုတော့ သူရဲ့ လျှောက်လဲချက်တွေက အင်မတန်မှ ထိရောက်တယ်။ ဂမ်ဘီယာအနေနဲ့ စွဲတာမဟုတ်ဘူး။ ဂမ်ဘီယာက OIC ကိုယ်စားစွဲတာ၊ ICJ ရဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေမှာလည်း အဖွဲ့အစည်းအနေနဲ့ စွဲခွင့်မရှိဘူးဆိုတဲ့ အချက်တွေကိုလည်း သူက ထိထိရောက်ရောက် ထောက်ပြခဲ့တယ်။

ဒေါက်တာသီတာဦး။                   ။နောက်တစ်ချက်အနေနဲ့ Mr.Staker က ထောက်ပြတဲ့ Legal Issues တွေက တော်တော်ကို တိကျခိုင်မာပါတယ်။ နောက်တစ်ခုက သူက ဘာကို ပြောလဲဆိုတော့ ICJ မှာ Genocide Convention Article 9 ရဲ့ စွဲဆိုချက်က Dispute အငြင်းပွားမှုဆိုတာရှိရမယ်။ အငြင်းပွားမှုရှိဖို့အတွက်က စွဲဆိုတဲ့ နိုင်ငံက အငြင်းပွားသူ ဖြစ်မှာပေါ့။  အငြင်းပွားတဲ့ နိုင်ငံက Direct Effective တိုက်ရိုက် ထိခိုက် တာမျိုးလည်း ရှိရမယ်။ အဲဒီတော့ ဒီကိစ္စမှာ ဂမ်ဘီယာက တိုက်ရိုက် ထိခိုက် တာမျိုးလည်း မဟုတ်ဘူး။ မဟုတ်ဘဲနဲ့ ICJ မှာ Article 9 ကို သုံးပြီး Dispute ဆိုပြီး သူက အခြေအနေ ဖန်တီးပြီး ICJ မှာ တရားစွဲတယ်။ Dispute မရှိရင် တရားစွဲခွင့် မရှိဘူး။ အမှုကို ပိတ်လိုက်ပါတယ်။ ဂမ်ဘီယာက Dispute သတ်မှတ်တဲ့ဟာကလည်း တစ်ချက်ပဲ ရှိတယ်ရှင့်။

အဲဒါက ကျွန်မတို့ နယူးယောက်မှာရှိတဲ့ မြန်မာသံရုံးကို Note verbale စာကို အောက်တိုဘာ ၁၁ ရက်မှာ လာပြီးပို့ပါတယ်။ အဲဒီ Note verbale စာမှာ ဘာပြောလဲဆိုရင် ကုသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်ရဲ့ တင်ပြချက်တွေကို မြန်မာနိုင်ငံက ငြင်းပယ်တဲ့ အတွက် စိုးရိမ်မိတယ်တဲ့၊ အဲဒီတစ်ခုကိုပဲ ဖော်ပြထားတာ ပါရှင့်။ အဲဒီစာမှာ ဘယ်နေ့မှာ ပြန်ရမယ်တို့၊ မပြန်ခဲ့ရင် ဘာဖြစ်မယ်တို့ဆိုတဲ့ အကြောင်း တွေလည်း ရှင်းမထားဘူး။ ဒီဟာအပေါ်မှာ မြန်မာနိုင်ငံက ပြန်ကြားခဲ့ခြင်းမရှိတာကို Dispute လို့ သူ့ ဘာသာ သတ်မှတ်ပြီးတော့ ICJ မှာ အမှုရင်ဆိုင်ဖို့ စွဲဆိုခဲ့တာ ဖြစ်ပါ တယ်။

ဦးကျော်တင့်ဆွေ။   Mr.Staker က တိတိကျကျ ပြောတယ်ဆိုတာက Dispute မရှိဘူး။ အခုနက ပြောတဲ့ Note verbale လို့ ခေါ်တဲ့ သံတမန်စာလွှာ ကလည်း Dispute ရှိတယ်လို့ ဖြစ်အောင်လို့ လုပ်ကြံပြီး ပေးပို့ခြင်းဖြစ်တယ်လို့ သူက ထင်ထင် ရှားရှား ရှင်းလင်းပြောကြားပါတယ်။

ဦးကိုကို။       ။ပြည်ထောင်စုဝန်ကြီးတို့၊ ဆရာမတို့ ရှင်းပြတာကနေ ကျွန်တော် သဘော ပေါက်လိုက်တာက Mr.Staker က ကလကာ နောက်ကွယ်က ရှိနေတဲ့ အဖြစ် အပျက်တွေကို သူ ကြိုးစားပြီးတော့ အမှန်တရားတစ်ခုကို သူဖော်ထုတ်ပြီးတော့ ပြသတယ်လို့ ကျွန်တော် မြင်ပါတယ်။

မြန်မာနိုင်ငံဘက်ကနေ တင်ပြ လျှောက်လဲပေးတဲ့ ရှေ့နေကြီးတွေရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ ဦးကျော်တင်အနေနဲ့ ဆွေးနွေးပေးပါဦး။

ဦးကျော်တင်။                   ။ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ရှေ့နေအဖွဲ့တွေက Rockstar Lawyer တွေပါ။ အဲဒီမှာ ပါဝင်တဲ့ တစ်ယောက် ပါမောက္ခ Mr.Andreas Zimmermann ဆိုရင် ဂျာမနီနိုင်ငံ University of Potsdam မှာ ပါမောက္ခ တာဝန် ထမ်းဆောင်တာပါ။ သူက ICJ ရဲ့ မူကြမ်းတွေ ဘာတွေကို ထိပ်သီး Expert တစ်ယောက်ပါ။ ပြီးခဲ့တဲ့ နှစ်လ လောက်တုန်းက အောက်ဖို့စ်တက္ကသိုလ်က ထုတ်တဲ့ စာအုပ်တစ်အုပ်မှာ Procedure of the ICJ အကြောင်း သူရေးထားပါတယ်။ ပြီးတော့ ဥပဒေပညာရှင်တစ်ယောက်က ပါမောက္ခ Phoebe Okowa ဆိုတာ ပါပဲ။ သူက Queen Mary University of London မှာ ပါမောက္ခပါ။ ပြီးတော့ အောက်ဖို့စ် တက္ကသိုလ်ကနေ Ph.d ရတဲ့သူဖြစ်ပါတယ်။ ကင်ညာမှာလည်း တရားရုံးချုပ် ဥပဒေအရာရှိအနေနဲ့ အလုပ် ထမ်းဆောင်နေပါတယ်။

ဦးကိုကို။       ။သူတို့လျှောက်လဲချက်တွေထဲက စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် တွေများ ရှိမလား။

ဦးကျော်တင်။         ။ရှိပါတယ်။ ICJ မှာ ကြားဖြတ်အစီအမံ ကြားနာမှုအတွက် လုပ်တာ ဖြစ်ပါတယ်။ အဲဒီမှာ ခုနက ဆရာဆရာမတို့ ရှင်းပြတဲ့အချက်အလက်တွေကို ဥပဒေ ပညာရှင်တွေက ICJ ကို တင်ပြလိုက်ပါတယ်။ ဒီအချက်တွေမှာ အချက် လေးခုရှိပါ တယ်။ ပထမအချက်က Jurisdiction and Standing ဆိုတာ ဆရာမ ရှင်းပြသွား ပါတယ်။ နောက်တစ်ချက်က Plausibility Claim ဆိုတာ ဦးသီဟန်မျိုးညွှန့်က ရှင်းပြသွားပါတယ်။

ပါမောက္ခ Phoebe Okowa က နှစ်ချက်ကို ရှင်းပြပါတယ်။ အဲဒီနှစ်ချက်က ဘာနဲ့ဆိုင်လဲဆိုတော့ မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေက Genocide ဖြစ်နေသလား၊ ဖြစ်နိုင်ဖွယ်ရာရှိသလားဆိုတဲ့ အချက်တွေနဲ့ ဆိုင်ပါတယ်။ ဒါကို ရှင်းပြသွားတာက မြန်မာနိုင်ငံမှာ အစိုးရလုပ်နေတဲ့ လုပ်ငန်းတွေကို ရှင်းပြသွားပါတယ်။ အဲဒီလုပ်ငန်းတွေ ကို Genocide ဖြစ်နေရင် ဘာဖြစ်လို့ လုပ်နေမှာလဲဆိုပြီး ရှင်းပြသွားပါတယ်။

ရှင်းပြတဲ့အခါ သုံးပိုင်းခွဲပြီး ရှင်းပြသွားပါတယ်။ ပထမအပိုင်းက နေရပ်စွန့်ခွာ သူများကို ပြန်လည်လက်ခံတာ လုပ်တယ်၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ UNDP UNHCR တို့ အပါအဝင် နိုင်ငံတကာကလည်း အကူအညီပေးနေပါတယ်။ ပါမောက္ခ Phoebe Okowa က Genocide ဖြစ်နေရင် ဒါတွေ ဘာလို့ အကူအညီပေးမှာလဲ ဆိုပြီးတော့ မေးသွားပါတယ်။ ပြီးတော့ ဒုတိယအချက်က ရခိုင် ပြည်နယ်ကို တည်ငြိမ် အေးချမ်း မှုရှိအောင် ကြိုးစားနေပါတယ်။ ဥပမာဆိုရင် ကျူးလွန်မှု ဖြစ်ခဲ့တာကို တရားစွဲ ဆိုမှုတွေ လုပ်နေပါတယ်။

 ဒီအချက်နဲ့ ကျွန်တော် နည်းနည်းရှင်းပြချင်တာက Complementary Principle ပြည်တွင်းတရားစီရင်မှုကို ထောက်ခံပေးတဲ့ စနစ်ပါပဲ။ အဲဒါက ဘာလဲဆိုတော့ ပြည်တွင်းတရားရုံးတွေက ဆောင်ရွက်လိုစိတ် မရှိခြင်းနဲ့ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ အချိန်မှသာ နိုင်ငံခြားတရားရုံးတွေအနေနဲ့ ဒီအမှုတွေကို လာပြီး တရားစီရင်ခွင့်ရှိတယ်။ အဲဒီ Complementary Principle အရ ကျွန်တော်တို့ နိုင်ငံမှာ အခုလုပ်နေတဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE) နဲ့ တပ်မတော်အနေနဲ့ လွတ်လပ် သော တရားရုံးတွေ လုပ်နေပါတယ်။ အဲဒါတွေက မလုံလောက်မှ နိုင်ငံခြား အနေနဲ့ ဝင်ရောက်စွက်ဖက်နိုင်ပါတယ်။ အဲဒါကို အဓိက ပြောချင်တာပါ။

ပြီးတော့ တတိယအချက် ဂမ်ဘီယာအနေနဲ့ စွပ်စွဲတဲ့ အချက်အလက်တွေမှာ ရခိုင်မှာ ပဋိပက္ခတွေဖြစ်နေတဲ့ အကြောင်းကို ထည့်ပြီး တင်ပြခြင်းမရှိပါဘူး။ လုပ်ငန်း တွေက နှောင့်နှေးမှုတော့ ရှိရင်ရှိလိမ့်မယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ အေးချမ်းမှု မရှိသေးလို့ ဆိုတာ ပါမောက္ခ Phoebe Okowa က ရှင်းပြသွားပါတယ်။

ဦးကျော်တင့်ဆွေ။   ။တစ်နည်းအားဖြင့်ဆိုရင် ရခိုင်ပြည်နယ်မှာ လက်ရှိ AA နဲ့ တိုက်ခိုက်မှုတွေရှိတယ်။ တိုက်ခိုက်မှုတွေ ရှိနေတဲ့အခါ ကျွန်တော်တို့ အနေနဲ့ လုံခြုံရေးအရ ဟန့်တားရတာတွေရှိတယ်ဆိုတာကို သူက ထောက်ပြသွားပါတယ်။

 နောက်တစ်ခုက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ လက်မှတ်ရေးထိုးတာတဲ့ သဘောတူစာချုပ်ပါ။ အဲဒီသဘောတူစာချုပ်မှာ ၂၀၁၆-၂၀၁၇ မှာ သွားခဲ့တဲ့ လူတွေ သည် မြန်မာနိုင်ငံမှ လာရောက်သောသူများဖြစ်ပါက ပြန်လည်လက်ခံမည်။ ဘယ် လောက်အကန့်အသတ်နဲ့ လက်ခံမည်ဆိုတာကို သတ်မှတ်ခြင်းမရှိဆိုတော့ Genocide အနေနဲ့ လုပ်နေတဲ့ နိုင်ငံတစ်ခုက ဒီလူတွေ ပြန်ပြီးလက်ခံမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပြီးတဲ့အခါ ခုနက ဦးကျော်တင်ပြောသလို မြန်မာနိုင်ငံသည် လုပ်လည်း လုပ်နိုင်တယ်။ လုပ်ဖို့ ဆန္ဒလည်း ရှိတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အရ civilian site မှာ civilian court ရှိသလို တပ်မတော်ဘက်မှာလည်း court-martial ဆိုတာ ရှိပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံသည် UK နဲ့ US မှာလို Military Justice System ရှိတယ်။ Military Justice System ကလည်း အခုလုပ်နေတယ်။ အခုလုပ်နေတဲ့ကိစ္စအပေါ် သူ့ လုပ်ငန်းပြီးအောင် စောင့်ကြည့်ဖို့ လိုတယ်။ ICOE အနေနဲ့လည်း အခု သက်သေပေါင်း ၁၅၀၀ ကျော်လောက်ကို ပြင်ဆင်ပြီးဖြစ်တယ်။ မကြာခင်လည်း ICOE အနေနဲ့ သူရဲ့ အပြီးသတ် စုံစမ်း စစ်ဆေး ချက်တွေကို တင်ပြမှာဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံတကာအနေနဲ့ ဝင်ရန် မထိုက် ဆိုတာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ ကျွန်တော်တို့ ရှေ့နေတွေ အားလုံးရော ဒါကို မီးမောင်းထိုးပြဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဦးကိုကို။       ။ပြည်ထောင်စုဝန်ကြီးအနေနဲ့ သူတို့ စွပ်စွဲချက်တွေမှာ တစ်ချို့ကိစ္စတွေက တော်တော်လေးကို ကျိုးကြောင်းဆီလျော်မှု မရှိဘူး။ ဥပမာအားဖြင့် UEHRD လိုမျိုးကို ဆွဲထည့်သွားတယ်။ UEHRD က ပြန်လည်ဝင်ရောက်လာမယ့်သူတွေအတွက်ကို နေဖို့ ထိုင်ဖို့ ကိစ္စတွေ၊ လမ်းပန်းဆက်သွယ်ရေး၊ Infrastructure စတဲ့ Task Force တွေ အများကြီးရှိပါတယ်။ အဲဒီလိုမျိုး ဆောင်ရွက်နေတာကို Genocide နဲ့ ဆက်စပ်ပြီး ဆွဲထည့်သွားတယ်။ အဲဒီဟာကိုလည်း နားမလည်နိုင်ဘူး ဖြစ်နေတယ်။

ဦးကျော်တင့်ဆွေ။   ။အဲဒါဘာကြောင့်လဲဆိုတော့ UN Fact Finding Mission ရဲ့ Report ကြောင့် ဖြစ်ပါတယ်။ FFM Report ဟာ အခြေအမြစ်လည်း မရှိဘူး၊ မျှတမှု မရှိဘူး၊ ယုတ္တိမရှိဘူး။ ကျွန်တော်တို့ကို Genocide နဲ့ ပတ်သက်ပြီး စွပ်စွဲသွားတဲ့ အချက်က ဒီ Report အပေါ်မှာ မူတည်နေတယ်။ အဲဒီတော့ Report ယုတ္တိ မရှိဘူး ဆိုတာ UEHRD မှာလုံးဝပေါ်တယ်။

 UEHRD ကို ဘယ်လို စွပ်စွဲထားလဲဆိုတော့ UEHRD သည် ဘင်္ဂလားဒေ့ရှ် ဘက်ကို ပြေးသွားတဲ့ သူတွေရဲ့ မြေယာကို သိမ်းပါတယ်။ UEHRD က နိုင်ငံတော်ရဲ့ အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ UEHRD က အဲဒီမှာ ရှိတဲ့ နေရာတွေကို ဘူဒိုဇာနဲ့ ထိုးပါတယ်ဆိုပြီးတော့ စွပ်စွဲသွားပါတယ်။ ဒီမှာရှိတဲ့ ပြည်သူတွေ အားလုံးရော၊ သံတမန် တွေ အားလုံးရော၊ ကုလသမဂ္ဂက သူတွေကော ဒီကိစ္စ မဟုတ်ဘူးဆိုတာ ကောင်း ကောင်း သိပါတယ်။

သို့သော် ဘာကြောင့် ဒါကို စွပ်စွဲသွားလဲဆိုတော့ သူတို့ ကြည့်တာက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်လာတဲ့အခါမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရမယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို နာမည် ဖျက်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ ဒါကြောင့်မို့ သူတို့ဘက်က အတော်ဆုံး ရှေ့နေလို့ ပြောရ မယ့် ပါမောက္ခ Sands က ဘာပြောသွားလဲဆိုရင် အဲဒါကို စွပ်စွဲသွားတဲ့အပြင် အခု UEHRD ရဲ့ ဥက္ကဋ္ဌကတော့ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပဲ ဆိုပြီး စွပ်စွဲသွားတယ်။

ကျွန်တော် တင်ပြချင်တာက FFM Report က တကယ်ကို စနစ်တကျ လုပ်ထား တဲ့ဟာ မဟုတ်ဘူး။ မျှမျှတတ လုပ်ခိုင်းတဲ့ဟာ မဟုတ်ဘူး။ ဒီစွပ်စွဲချက်တွေကို ကျွန်တော်က လွယ်လွယ်ကူကူသာ UEHRD နဲ့ ချေပခဲ့ခြင်းဖြစ်ပါတယ်။ တခြား ချေပစရာတွေ အများကြီးရှိပါတယ်။ တကယ်တော့ UEHRD ကိစ္စက သိပ်ရှင်းတဲ့ ကိစ္စပါ။ UEHRD က National Movement ရခိုင်ကိစ္စက အမျိုးသားအရေး ဖြစ်တဲ့ အတွက် အမျိုးသားအရေးကိစ္စမှာ အဖွဲ့အစည်းပေါင်းများစွာ စေတနာအလျောက် ပါဝင်ပြီးတော့ ကူညီခြင်းပဲဖြစ်တယ်။ UEHRD ကိစ္စနဲ့ ပတ်သက်ပြီး ပါမောက္ခ Phoebe Okowa ပြောသွားတဲ့ အထဲမှာ နိုင်ငံတကာက ဝင်ကူနေတယ်။ UEHRD က Genocide ကိစ္စတွေ လုပ်တယ်ဆိုရင် နိုင်ငံတကာက ဘာလို့ ဝင်ကူမှာလဲ။ ဒါကို ထောက်ပြနိုင် တယ်။

ဦးကိုကို။       ။သူတို့ရဲ့ ရှေ့နေတွေ ပြောသွားတဲ့ လျှောက်လဲတဲ့ အချက်ထဲမှာ ICJ ကို ဖိအားပေးသလို ထိန်းချုပ်သလို ပြောသွားတာလဲရှိပါတယ် ခင်ဗျ။ အဲဒါကို နည်းနည်း လောက်ဆွေးနွေးပေးပါဦး။

ဦးသီဟန်မျိုးညွှန့်။   ။အဲဒါက ဘယ်သူ ပြောသွားတာလဲဆိုတော့ ဂမ်ဘီယာဘက်က ရှေ့နေ တစ်ယောက်၊ ကျွန်တော် နာမည်တပ်ပြောပါမယ်။ Mr.Philippe Sands က ဒါကို ဘယ်လို ပြောသွားသလဲဆိုရင် ကမ္ဘာရဲ့ မျက်လုံးတွေက ဒီ ICJ ခုံရုံးအပေါ်မှာရှိတဲ့ တရားသူကြီးတွေအပေါ်မှာ ရောက်နေပါတယ်ပေါ့။ The eyes of the world are on you ဆိုပြီး ပြောသွားပါတယ်။ ဘာကြောင့် ပြောသွားလဲဆိုတော့ တရားသူကြီးတွေ ဆုံးဖြတ်တဲ့အချိန်မှာ မှားတာကို မဆုံးဖြတ်ပါနဲ့။ သူတို့ဘက်ကပဲ မှန်ပါတယ်ဆိုတဲ့ ပုံစံမျိုး ပြောသွားခြင်းဖြစ်ပါတယ်။ ဒါကအမှန်တကယ်တော့ ကျွန်တော်တို့ ဘက်က ရှေ့နေတွေလိုမျိုး ဒီဥပဒေအပေါ်မှာ အခြေခံပြီးတော့ ပြောသွားတဲ့  Argument တစ်ခု မဟုတ်ပါဘူး။ ဒါကျတော့ ကျွန်တော်တို့ ရှေ့နေလောကမှာဆိုတော့ Political Argument ပါ၊ ဒီလိုမျိုး Argument လုပ်ခြင်းဟာ ခြိမ်းခြောက်တယ်လို့တော့ ကျွန်တော် ရှေ့နေတစ်ယောက်အနေနဲ့ အဲဒီလောက်အထိတော့ မသွားချင်ပါဘူး။ ဒါပေမယ့် မီးမောင်းထိုးပြလိုက်တဲ့ပုံစံမျိုးနဲ့ တူပါတယ်။

ဦးကိုကို။       အဲဒီတော့ ကျွန်တော်တို့က ကိုယ့်ကို တရားစီရင်မယ့် တရားရုံးတစ်ခုကို ဒီလိုမျိုးပြန်ပြီးတော့ ပြောတယ်ဆိုတဲ့ ဟာကရော ဒီဥပဒေ ကြောင်းအရ ဆရာမ ဘယ်လိုမျိုးရှိနိုင်မလဲ၊ ကျွန်တော်တို့ပြည်တွင်းမှာကျတော့ တရားရုံး တို့ ဘာတို့ပြောရင် ကျွန်တော်တို့ဒါက ဥပဒေငြိတယ်၊ တရားသူကြီးဘာဖြစ်တယ်၊ တရားစီရင်ရေး ဘာဖြစ်တယ်လို့ပြောရင် ဥပဒေအရငြိစွန်းတယ်၊ အဲဒီတော့ အပြည်ပြည် ဆိုင်ရာ ဥပဒေတွေတော့ ကျွန်တော် သိပ်နားမလည်လို့ပါ။

ဒေါက်တာသီတာဦး။                   ။အမှန်တကယ်ရိုင်းပြတဲ့ အပြုအမူတွေနဲ့ တကယ်ကိုပဲ တရားရုံးကို မချေမငံ၊ မထီမဲ့မြင်လုပ်တဲ့ ပုံစံမျိုးတွေဖြစ်ခဲ့တယ်ဆိုရင်တော့လည်း ကျွန်မ တို့ကနေပြီးတော့ တရားရုံးကို တင်ပြပြီးတော့ လျှောက်လဲချက်ပေါ့၊ သက်သက် သီးသန့်တင်တာမျိုးတွေ ဘာတွေတော့ လုပ်နိုင်မယ်လို့ ကျွန်မယူဆပါတယ်။

ဦးကျော်တင့်ဆွေ။   ဒီမှာတော့ သူကလည်း တကယ့်ကို ကျွမ်းကျင်တဲ့ ရှေ့နေဆိုတော့ အဲဒါကိုလွတ်အောင်လို့ ပြောသွားတယ်။ စကားလုံးလေးတွေ ရွေးသွားတယ်။ သူက ဘာပြောသွားလဲဆိုတော့ ၁၉၆၆ ခုနှစ်မှာ တောင်အာဖရိကနဲ့ပတ်သက်ပြီး ဒီတောင် အာဖရိကဘက်က မကျူးလွန်ပါဘူးဆိုပြီးတော့ ဒီတရားရုံးက ဆုံးဖြတ်ခဲ့ ပါတယ်။ အဲဒီလိုဆုံးဖြတ်ခဲ့တဲ့အတွက် ဒီတရားရုံးက အနှစ် ၂၀ လောက် မဲဇာအပို့ခံ ရတယ်။ ဆိုလိုတာက in the wilderness ဆိုပြီးတော့ သူကပြောသွားပါတယ်။ ဒီမှာလည်း ဒီလိုဟာမျိုးဆုံးဖြတ်ခဲ့မယ်ဆိုရင်ဆိုတဲ့ သွယ်ဝိုက်ပြီးတော့ ပြောတာမျိုး ရှိတယ်။

ဒေါက်တာသီတာဦး။                   ။ကျွန်မကတော့ ဒီမှာ အားလုံးဆွေးနွေးခဲ့သလိုပေါ့၊ ကျွန်မတို့ ဘက်က ရှေ့နေကြီးတွေက တကယ်ကို မားမားမတ်မတ်နဲ့ ဥပဒေအချက်အလက် တွေကို သေချာထောက်ပြနိုင်ခဲ့တယ်။ သူတို့ရဲ့ လိုအပ်ချက်၊ ရပ်တည်ချက် တွေကို လည်း ဥပဒေနဲ့အညီပဲ သူတို့ကပြန်ပြီးတော့ ချေပလိုက်ပါတယ်၊ ချေပခဲ့တယ်။ အဲဒီ တော့ ကျွန်မတို့ရဲ့ Legal Standing ပေါ့၊ ဥပဒေရပ်တည်ချက် ကတော့ ကျွန်မတို့ အတွက် ဒီရင်ဆိုင်မှုမှာ အရမ်းကို ခိုင်မာ တယ်ပေါ့၊ ခိုင်မာ တယ်လို့တော့ ပြောချင်ပါတယ်။ ဒီ ICJ ကလည်း တကယ်တော့ ကမ္ဘာ့တရား မျှတမှုအတွက် တရား စီရင်တဲ့ ဥပဒေရေးရာဌာနကြီးမဟုတ်လား။ အဲဒီတော့ ကျွန်မအနေနဲ့တော့ ဒီလောက်ပဲ ယူဆပါတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်။

ဦးကိုကို။       ။ကျွန်တော်ထပ်သိချင်တာက ကျွန်တော်တို့ မြန်မာဘက်ကနေပြန်ပြီးတော့ ဒီချေပတဲ့ကိစ္စမှာ ကျွန်တော်တို့နိုင်ငံတော်ကိစ္စမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပြောတဲ့ဟာ ဆိုရင် ရာဇဝင်ပါခင်းသွားတာနော်။ ဖြစ်ခဲ့တဲ့ နောက်ခံ သမိုင်းတွေကို ခင်းကျင်းပြီးတော့ မျက်မှောက်ခေတ်အထိ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကို တော်တော်ကြီးကို ရှင်းရှင်းလင်းလင်း၊ ရဲရဲဝံ့ဝံ့၊ ပြတ်ပြတ်သားသား အမှန်တရား အတိုင်း ပြောခဲ့တယ်။ ARSA အကြမ်းဖက်မှုကိစ္စတွေ၊ ပြည်ထောင်စုဝန်ကြီးပြောသလို အခြား သောမျိုးနွယ်စုတွေ အသတ်ခံရတဲ့ဟာတွေရှိတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ပြောတယ်။ ပြောပေမယ့် သူတို့ဘက်ကနေပြီးတော့ ကျွန်တော်တို့ပြောတာတွေကို ပြန်ချေပတဲ့အချိန်မှာ အရင်အဟောင်းတွေကိုပဲ ပြောပြီးသားဟာကိုပဲ ထပ်ကာ တလဲလဲ ပြန်ပြောပြီးတော့ ကျွန်တော်တို့ကနေ မင်းတို့ ဒီလိုဒီလိုဖြစ်ပါတယ်လို့ ပြောတာတွေ ကျတော့ ဘာမှပြန်မပြောဘူး။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲခင်ဗျ။ 

ဦးကျော်တင်။                   မှန်ပါတယ်။ သူတို့မှာ ဒါတွေက ချို့ယွင်းမှု ရှိတယ်။ သူတို့ မှာ ဒီ Evidence က အလုံအလောက်မရှိတော့ ဒီ FFM Report Special Rapporteur Ms.Yanghee Lee သူတို့ပြောဆိုချက်တွေကိုပဲ မှီခိုပြီးတော့ တရားရုံးမှာ လာပြီးတော့ တင်ပြတာပဲ၊ အမှန်မှာတော့ FFM Report မှာ ကြည့်မယ်ဆိုရင် အရင်က Background ပေါ့နော်၊ Background ကို သူတို့က ဘာမှ ရှင်းပြတာမဟုတ်ဘူး။ ရခိုင်က ၂၀၁၆ -၂၀၁၇ မတိုင်မီက ဘယ်လိုမျိုး အခြေအနေရှိ တယ်ဆိုတာကိုလည်း ဆွေးနွေးမှုလည်း မရှိဘူး။ ပြီးတော့ ဂမ်ဘီယာအနေနဲ့ တင်ပြချက်တွေမှာ ရခိုင်ပြည်က ပဋိပက္ခဖြစ်နေတာ ရခိုင်ပြည်နယ်ရဲ့ တခြား ပြဿနာတွေ ဘာမှရှင်းပြတာမဟုတ်ဘူး။          ARSA ရဲ့ တိုက် ခိုက်မှုတွေ အားလုံး ဒါတွေကို Leave out လုပ်လိုက်ပါတယ်။

ဒေါက်တာသီတာဦး။         Asian Centre for Human Rights က Ms.Yanghee Lee ဟာ Special Rapporteur ရဲ့ Code of Conduct သူရဲ့လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူရဲ့ ကျင့်ဝတ်တွေနဲ့အညီ ဆောင်ရွက်ခြင်းမရှိဘူးလို့ သူတို့က သုံးသပ်တယ်။ သူတို့ ကိုင်တိုင်ကတောင် Ms.Yanghee Lee ကို Special Rapporteur အနေနဲ့ ပြန်လည်ရုပ်သိမ်းဖို့ ကြေညာချက်လေးထုတ်ထားတာရှိပါတယ်။

ဦးကိုကို။       ။ကျွန်တော်အနေနဲ့ အခြေအနေတွေကို ပြန်ပြီးသုံးသပ်ကြည့်တဲ့အခါမှာ တစ်ဆင့်ခြင်း တစ်ဆင့်ခြင်း ပုံစံလေးတွေသွင်းပြီးတော့ လုပ်နေတဲ့ပုံစံမျိုးတွေ ခံစား ရပါတယ်။ အဲဒီတော့ ကျွန်တော်နည်းနည်းလေးဆွေးနွေးချင်တာက ဒီလိုဖြစ်လာ လောက်တဲ့အထိကို Well Plan တစ်ခုခုနဲ့ များလုပ်သလားလို့တောင် ကျွန်တော်မြင်ပါတယ် ခင်ဗျာ။

ဦးကျော်တင့်ဆွေ။   ။ကျွန်တော်တို့ဘက်က ဥပဒေကြောင်းအရပဲ ပြောတဲ့အတွက် တော့ အဲဒီအရာကို ထုတ်မပြောချင်ပါဘူး။ သို့သော် ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင် FFM Report တွေက တစ်နှစ်ထက်တစ်နှစ် ထပ်ပြီးတော့ တင်လာသော်လည်း အချက်အလက်က မူလအချက်အလက်ကိုပဲ           ထောက်ပြပြီးတော့ report အသစ်ဆိုပြီး ပြန်ပြီး တင်လာခြင်းဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ကျွန်တော်တို့ ရှေ့နေတွေက သေသေချာချာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အရင် Report တွေမှာ Genocide နဲ့ ပတ်သက်ပြီးတော့ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်တွေ လုံးဝမထည့်ထားပါဘူး။

ကျွန်တော်တို့နဲ့ ပတ်သက်ပြီးတော့ မေလ ၂၀၁၈ ခုနှစ်မှာ OIC ကနေပြီးတော့ ကျွန်တော်တို့ကို ICJ မှာ တရားစွဲဖို့ဆိုတဲ့ ကိစ္စတွေကို တရားဝင်ဆုံးဖြတ်ပြီးတဲ့ အခါ မှာတော့ FFM Report တွေ၊ Special Rapporteur ရန်ဟီလီရဲ့ Report တွေမှာ Genocide ဖြစ်ကောင်းဖြစ်နိုင်တယ်၊ Genocide လို့ ယူဆနိုင်တယ် ဆိုတဲ့ သုံးသပ်ချက် တွေ ထည့်လာတာကို တွေ့ရပါတယ်။

ဦးသီဟန်မျိုးညွှန့်။   ။ခုနက ဦးကိုကို မေးတဲ့မေးခွန်းအပေါ် ကျွန်တော် တချို့ဟာလေး တွေ ဖြည့်ချင်ပါသေးတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ဘက်က Presence လုပ်တာက ကျွန်တော်တို့ဘက်က သမိုင်းလည်း ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ အခု ဘာတွေ ဖြစ်နေတယ်ဆိုတာလည်း ပါတယ်။ ဒီပဋိပက္ခတွေ ဘယ်ကစဖြစ်လာ တယ် ဆိုတာက အစ ပါပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒါမျိုးတွေ ထည့်ပြောခြင်းအားဖြင့် တရားသူကြီးတွေကို ကျွန်တော်တို့ရဲ့ ရခိုင်ပြည်နယ် Context မှန်အောင်လို့ ပြောခြင်းဖြစ် ပါတယ်။ အဲဒါပြောခြင်းတင်မကဘူး။ ကျွန်တော်တို့က အပြင်ကနေ ကြားနေတာ တွေဟာ အမှန်မဟုတ်ပါဘူး။ နိုင်ငံတကာ သတင်းစာတွေ ကနေ ကြားနေရတွေဟာ အမှန်မဟုတ်ပါဘူး။ FFM Report ထဲမှာ ရှိနေတာတွေက အမှန်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘက်ကနေ Counter-narrative လေးတစ်ခု စပြီး ပျိုးခဲ့ခြင်းဖြစ်ပါတယ်။ အဲဒါမျိုးစပြီး ပျိုးခဲ့တာက ဘာအတွက် အရေးကြီးလည်းဆိုတော့ ကျွန်တော်တို့ဆီမှာ Alternative Explanation ရှိလာပြီ၊ ဘာကြောင့် ဒီကိစ္စတွေ ဖြစ်လာတယ်၊ ဘာကြောင့် ဒီပြဿနာ တွေရှိခဲ့လဲ၊ ကျွန်တော်တို့ဆီမှာ Alternative Explanation ရှိလားဆိုတာ ထောက်ပြ ခဲ့ပါတယ်။ ဒီ Counter-narrative က ရှေ့ဆက်ပြီးတော့လည်း ပြောသွားဖို့ လိုပါတယ်။

ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ Counter-narrative က ဘာလဲဆိုတာ အပြင်ကို ထင်ထင်ရှားရှား ရှိအောင် သေချာရှင်းပြ၊ ပြောပြပေးဖို့လိုပါတယ်။ ဒါက တရားရုံးမှာတင် လုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ တရားရုံးကတော့ ဘယ်လိုမျိုးဖြစ် လာမလဲဆိုတော့ Counter-narrative တရားရုံးက တစ်ဆင့်သွားရင်တော့ Evidence တစ်ခု အနေနဲ့ ထွက်ပေါ်လာမှာပါ။ ဒါပေမယ့် အပြင်မှာလည်း ကျွန်တော်တို့အနေနဲ့ Counter-narrative က အရေးကြီးတယ်ဆိုတာ အကုန်လုံးကို အသိပေးရမှာပါ။

ဦးကိုကို။       ။ကျွန်တော်က မီဒီယာသမားဖြစ်တဲ့အတွက် မီဒီယာတစ်ခု အမြင်နဲ့ ပြောရရင် ကျွန်တော်တို့ ရှေ့ပိုင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဘာကြောင့် စွန့်စွန့် စားစား သွားသလဲဆိုတာ ပြောခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်က လျှောက်လဲတယ်။ တင်ပြတယ်။ ဒုတိယနေ့မှာ ပြောကြားချက်တွေ အကုန်လုံးက နိုင်ငံတကာ မီဒီယာအကုန်လုံးမှာ Headline အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်က ဒီလိုပြောတယ်ဆိုပြီး ပါလာတယ်။ အဲဒါက ကျွန်တော် မြင်တာက အခက်အခဲတွေကြားက ရရှိခဲ့တဲ့ အောင်မြင်မှုတစ်ခုလို့ ထင်ပါတယ်။ ဆရာမအနေနဲ့ လည်း ဆွေးနွေးပေးပါဦး။

ဒေါက်တာသီတာဦး။                   ။အဲဒါကတော့ ကျွန်မတို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သွားရောက်ဖြေရှင်းပေးခဲ့တယ်ဆိုတာက ကျွန်မတို့ နိုင်ငံက အမှန်တရားပေါ့၊ ကျွန်မတို့ ဘာတွေဖြစ်နေတယ်ဆိုတဲ့ အမှန်တရားကို ကမ္ဘာက သိအောင် သွားရောက် ရှင်းပြနိုင်ခဲ့တဲ့ အခွင့်အလမ်းကို ရခဲ့တာပါရှင့်။ အဲဒီအခွင့်အလမ်းကို မြန်မာ ပြည်သူ ပြည်သားအားလုံးက တစ်ခဲနက် ဝမ်းမြောက်ဝမ်းသာ ထောက်ခံကြိုဆိုခဲ့ကြတာပါရှင့်။ တကယ်တော့ ကမ္ဘာက ပြောဆိုသမျှ ငြိမ်ပြီး နှုတ်ဆိတ်နေပြီး အမြဲ ဘာမှ မတုံ့ပြန်ဘဲ နေတာထက် အခုလို သွားရောက်ပြီး ရှင်းလင်းပြတဲ့အခါ ကမ္ဘာကလည်း သိတယ်။ ဥပဒေရပ်တည်ချက်ကလည်း ခိုင်မာမှန်ကန်တယ်။ ကျွန်မကတော့ အဲဒီလိုပဲ သုံးသပ် ပါတယ်။

ဦးကိုကို။       ။ဦးကျော်တင်အနေနဲ့ ကျွန်တော်တို့ စကားဝိုင်း အဆုံးမသတ်ခင်မှာ နောက်ဆုံးဆွေးနွေးစရာရှိရင် ပြောပြပေးပါဦး။

ဦးကျော်တင်။                   ။နောက်ဆုံးဆွေးနွေးစရာအနေနဲ့ ပြောချင်တာက ဒီ Case က အချိန်ကာလကတော့ ကြာရင်ကြာလိမ့်မယ်။ အခု ICJ မှာ စွဲဆိုထားတဲ့ Case ပါ။ အခုအဆင့်က ကြားဖြတ်အစီအမံ Provisional Measures အဆင့်ပဲ ရှိသေးပါတယ်။ ဒါက အမှုကို မတင်ခင် အဆင့်ပဲရှိပါသေးတယ်။ ကျွန်တော်တို့ အနေနဲ့က Legal Basic အရ ကျွန်တော်တို့က နိုင်ဖို့ အလားအလာရှိပါတယ်။ အခွင့်အလမ်းကောင်းပါတယ်။ တစ်ခါ တလေမှာ ကြားအဆင့်မှာ ကျွန်တော်တို့ မလိုလားတဲ့ Result ရရင်ရမယ်။ ဒါပေမယ့် နောက်ဆုံး Result မှာ ကျွန်တော်တို့နိုင်ဖို့ အခွင့်အလမ်းကောင်းပါတယ်။

ဒေါက်တာသီတာဦး။                   ။ဆိုလိုချင်တာကတော့ ပြီးခဲ့တဲ့တစ်ခေါက်က ဆွေးနွေးခဲ့ သလို ဒီ Provisional Measures ချကောင်းချမယ်။ ချတာလည်း ကျွန်မတို့ အမှုကြီးက ရှုံးသွားတာမဟုတ်ဘူး။ တကယ့်မူရင်းအမှုကြီးက ကျွန်မတို့က စကို မစရသေးဘူး။ ဒါပေမယ့် Provisional Measures ကို မချဘူးလို့ ဆုံးဖြတ်တာလည်း ဖြစ်နိုင်တယ်။ ဒါလည်း အမှုနိုင်သွားတာမဟုတ်ပါဘူး ။ကျွန်မတို့ရဲ့ တကယ်မူရင်းအမှုက မစသေးပါဘူး။ ဒါလေးကိုပဲ ထပ်ပြီးတော့ ပြည်သူကို သတင်းပေးချင်ပါတယ်။

ဦးကိုကို။       ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့မှာ ပူးတွဲ Agent အဖြစ် ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ သွားခဲ့တယ်။ ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ရက်တာကာလမှာ ကြားနာမှုတွေ အားလုံးအပေါ်မှာ နောက်ဆုံး ခြုံငုံ သုံးသပ်ပြော ကြားပေးပါဦးခင်ဗျာ။

ဦးကျော်တင့်ဆွေ။   ခြုံငုံသုံးသပ်ရရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်တဲ့အတွက်ရော၊ ကျွန်တော်တို့ရှေ့နေတွေ ကျွမ်းကျင်တဲ့အတွက်ရော ဥပဒေကြောင်းအရ ကျွန်တော်တို့ န်ိုင်ငံမှာ ဖြစ်ပွားတဲ့ကိစ္စသည် ဥပဒေအရ Genocide မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း တင်ပြနိုင်ခဲ့ပါတယ်။ ခုနတုန်းက အမြဲတမ်း အတွင်းဝန် ပြောတဲ့ကိစ္စနဲ့ ထပ်လောင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ အမှုက မစသေး ပါဘူး။ သူတို့က အခုဘာတောင်းထားသလဲဆိုတော့ လိုရမယ်ရဆိုပြီး Provisional Measures ကို တောင်းထားခြင်းဖြစ်ပါတယ်။ ဘာကြောင့်လိုရမယ်ရ တောင်းသလဲ ဆိုတော့ Provisional Measures မှာ ချဖို့လိုအပ်ချက်က တစ်နည်းအားဖြင့် ပြောရရင် လွယ်လွယ်ကူကူရှာလို့ ရနိုင်တယ်။ တကယ့် သက်သေအထောက်အထား ရှိစရာ မလိုဘူး။ သူတို့ကလည်း သက်သေအထောက်အထား ရှိစရာ မလိုဘူးဆိုတဲ့အချက်ကို အလေးထားပြီး တင်ပြသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဥပဒေ အရ လျှောက်လဲချက်များသည် အင်မတန်မှ တိကျ မှန်ကန်တဲ့အတွက် Provisional Measures နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လျှောက်လဲတဲ့အတ်ုိင်း ဒိအမှုကို ပလပ်ဖို့ သို့တည်းမဟုတ် Provisional Measures မချဖို့ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးလည်း ချလာန်ိုင် ပါတယ်။ ခုနတုန်းက အမြဲတမ်းအတွင်းဝန်ပြောသလို အဲဒီလို ချမှတ်တယ်ဆိုရင်လည်း ဒို့နိုင်ပြီဟေ့ဆိုပြီး ပျော်လို့မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှုကမစသေးဘူး။ အမှုက ငါးနှစ်၊ ဆယ်နှစ် အမှုတစ်ခုမှာဆိုရင် ၁၄ နှစ် ကြာတယ်။ တကယ်လို့ ကျွန်တော်တို့ရဲ့ ဥပဒေကြောင်းအရ တင်ပြချက်တွေကို ထည့်သွင်းစဉ်းစားသော်လည်း ခုနတုန်းက FFM Report သည် ကျွန်တော်ပြောသလို ယုတ္တိမတန်ဘူး။ ဓမ္မဓိဌာန် မကျဘူး။ သို့သော် UN Report လို့ သုံးသပ်ပြီးတဲ့အခါ ဖြစ်နိုင်ကောင်း ဖြစ်နိုင်တယ်ဆိုပြီး Provisional Measures ချဖို့ ဆိုတဲ့ အချက်ကိုလည်း ရုံးတော်က စဉ်းစားနိုင်တယ်။ အကယ်၍  အဲလို စဉ်းစားဆုံးဖြတ်ခဲ့တယ်ဆိုရင်လည်း ကျွန်တော်တို့ အမှုရှုံးတာမဟုတ်ဘူး။ အမှုက မစသေးဘူး။ သို့သော် ကျွန်တော်တို့ ရပ်တည်ထားတာ က အမှုစပြီ၊ သက်သေ အထောက်အထားနဲ့ ပြရမယ့် အပိုင်းရောက်ပြီဆိုရင်တော့ ကျွန်တော်တို့ဖက်က အများကြီးအရေးသာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရပ်တည်ထားရမှာကတော့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ မိမိတို့နိုင်ငံမှာ ဒါမျိုးရှိကို မရှိဘူးဆိုတာ ကိုယ်ကိုယ် တိုင်လည်း သိနေတဲ့အတွက် လာမယ့်ကိစ္စအားလုံးကို ရဲရဲရင့်ရင့် ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ဖို့က အဓိက အရေးကြီးတယ်လို့  ကျွန်တော့်အနေနဲ့ တင်ပြချင်ပါတယ်။

ဦးကိုကို       ။ဟုတ်ကဲ့ပါခင်ဗျာ။ ဒီနေ့ ဆွေးနွေးတင်ပြတာတွေ တော်တော်လေး ကောင်းပါတယ်။ ကျွန်တော် နားလည်သလောက် အနှစ်ချုပ်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့က မည်သို့ပင်ဆိုစေ ICJ ကြားနာမှုကိစ္စက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိပကတိဖြစ်ရပ်နဲ့ အမှန်တရားကို ဖော်ထုတ်ပြသခွင့်ရခဲ့တဲ့ ရက်လေးလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အမှန်တကယ် ဖြစ်ခဲ့တာ ဒီလိုဆိုပြီး ကမ္ဘာကို တရားဝင်ပြောခွင့် ကျွန်တော်တို့ ရခဲ့တယ်။ အဲဒီအတွက်ကြောင့် လည်း  ထပ်ဆင့်ရတာက ကျွန်တော်တို့ အစက ပြောသလို ဆရာတို့ အဖွဲ့တွေ ပြန်လာ တဲ့အချိန်မှာ ကြိုဆိုခဲ့ကြတယ်။ မပြန်လာခင်မှာလည်း ကျွန်တော်တို့ ဆိုရှယ်မီဒီယာ တွေမှာ ကြည့်ရတယ်။ ရေးသားကြတာတွေကိုကြည့်လိုက်ရင် အရေးကြုံရင် ကျွန်တော် တို့ သက်လုံကောင်းရမယ်။ အရေးကြီးရင် သွေးစည်းရမယ်ဆိုတဲ့ အချက်ပါ။ ကျွန်တော် တို့ ရလိုက်တဲ့၊ နိုင်ငံမှာရလိုက်တဲ့ ကိစ္စက တိုင်းသူပြည်သားတွေအားလုံးက ဘုံရည် မှန်းချက်၊ ဘုံခံစားချက် တူညီသွားတဲ့အတွက် အရင်ကထက်စာရင် ကျွန်တော်တို့ ပိုပြီး စည်းလုံးသွားတယ်။ ညီညွတ်သွားတယ်။ ဒါဟာ ဒီအထဲကရလိုက်တဲ့ အကျိုးအမြတ် ရလာဒ်လို့ ကျွန်တော်မြင်ပါတယ်။ ဘာပဲပြောပြောပါ ခင်ဗျာ။

ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုယ်စား အမှန်တရားကို ဖော်ထုတ်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပူးတွဲ Agent အဖြစ် ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီးနဲ့တကွ သွားရောက်ခဲ့တဲ့ Delegation အဖွဲ့ဝင်တွေ အားလုံးကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ထပ်ပြီးကျေးဇူးတင်တာ ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ကျွန်တော်တို့ရဲ့ အမှန်တရားနဲ့အတူ ရဲရဲဝံ့ဝံံ ဆက်လက်ရပ်တည်ပေးတဲ့ နိုင်ငံသိ၊ ကမ္ဘာသိရှေ့နေကြီးတွေ၊ ဥပဒေပညာရှင် တွေကိုလည်း ဒီနေရာကနေ ကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောကြားရင်းနဲ့ ကျွန်တော်တို့ရဲ့ စကားဝိုင်းကို အဆုံးသတ်ချင်ပါတယ် ခင်ဗျာ။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။