အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသ မဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး တို့မှ ကိုယ်စား လှယ်များပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့

နေပြည်တော် စက်တင်ဘာ ၁၁

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် ဦးဆောင်သည့် အာဆီယံ(၉)နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များသည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၁၀ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ယင်းနေ့ ညနေပိုင်းတွင် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ဟိန္ဒူမိသားစု(၁၁)ဦးအား စစ်တွေမြို့ရှိ ပြည်နယ်အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာ၌ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များ၏ မေးမြန်းမှုများနှင့်ပတ်သက်၍ ဟိန္ဒူမိသားစုများက ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း၎င်းတို့၏ မိသားစုဝင်များ ဆုံးရှုံးခဲ့ရမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ယူခံခဲ့ရမှုအခြေအနေ၊ အိန္ဒိယ အစိုးရနှင့် ရခိုင်ပြည်နယ်မှ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တစ်ဉီးတို့၏ အကြောင်းကြားပေးမှုဖြင့် မြန်မာအစိုးရက ၄င်းတို့အား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လည်ခေါ်ယူခဲ့မှု အခြေအနေ၊ ၄င်းတို့အား ဖမ်းဆီးမိပါက သတ်ဖြတ်မည်ဟု ARSA မှ ခြိမ်းခြောက်မှု အခြေအနေ၊ ပြန်လည်ဝင်ရောက်လာပြီးနောက် နေထိုင်ရသည်မှာ လုံခြုံစိတ်ချရမှု အခြေအနေ၊ မောင်တောမြို့၌ ပြန်လည်အခြေချနေထိုင်လိုမှုနှင့် အသက်ရှင်ရပ်တည်နိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်လိုမှု အခြေအနေ၊ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်ထားရှိမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ပြန်လည်ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ၄င်းတို့အတွက် နိုင်ငံတော်အစိုးရနှင့် ကုမ္ပဏီများ ပူးပေါင်းပြီး မောင်တောမြို့တွင် နေအိမ်များ ဆောက်လုပ်ပေးထားပြီး ဖြစ်ကြောင်း၊ မကြာမီမောင်တောမြို့သို့ ပြောင်းရွှေ့ပေးရန်စီစဉ်ထားရှိကြောင်း၊ အသက်မွေး၀မ်းကျောင်းအတွက် အလုပ်အကိုင်များ ဖန်တီးပေးသွား မည်ဖြစ် ကြောင်း၊ နိုင်ငံသားစိစစ်ခွင့်ခံရမည့်သူ၏ သက်သေခံကတ်ပြားများ (NVC) ရရှိနိုင်ရေးနှင့် နိုင်ငံသား လျှောက်ထားမှု လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် အဆိုပါကိုယ်စားလှယ်အဖွဲ့သည် တစ်ဖက်နိုင်ငံမှ မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသည့် မွတ်ဆလင်မိသားစုဝင် (၁၀)ဦးအား စစ်တွေမြို့ရှိ ပြည်နယ် အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များ၏ မေးမြန်းချက်များနှင့်စပ်လျဉ်း၍ ၎င်းမိသားစုများက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်း၌ နေထိုင်ခဲ့စဉ်က ARSA အဖွဲ့၏ ခြိမ်းခြောက်ခံခဲ့ရကြောင်း၊ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကိုလည်း သိရှိခဲ့ရကြောင်း၊ သားသမီးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် နေထိုင် စားသောက်ရေး အခက်အခဲများကြောင့် မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာရာတွင် မြန်မာအစိုးရမှ မြန်မာဘက် တွင်နေထိုင်ခဲ့သည့်အထောက်အထားနှင့် အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ခြင်းရှိ- မရှိ ဆိုသည့် အချက်(၂)ခုကိုသာ အဓိကစိစစ်ခဲ့ပါကြောင်း၊ တစ်ဖက်နိုင်ငံရှိ စခန်းများတွင် လက်ရှိနေထိုင်လျက်ရှိသူများအနေဖြင့် ARSA ၏ အကြမ်း ဖက်မှုများနှင့် ခြိမ်းခြောက်မှုများ ဆက်လက်ခံစားနေရကြောင်း၊ မူလနေရပ်သို့ပြန်လည် သွားရောက် လုပ်ကိုင်လိုသော်လည်း ARSA ၏ ခြိမ်းခြောက်မှုအန္တရာယ်ကြောင့် သွားရောက်နိုင်မှု မရှိသေးကြောင်းအပါအဝင် တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်စခန်း များတွင် နေထိုင်နေသည့် ၎င်းတို့၏ ဆွေမျိုးသားချင်းများအနေဖြင့် မူလနေရပ်သို့ ပြန်လာ၍ အခြေချနေထိုင်လိုသော်လည်း ARSA ၏ ခြိမ်းခြောက်မှုနှင့် လွှမ်းမိုးမှု ကြောင့် ပြန်လာနိုင်ခြင်း မရှိသည့် အခြေအနေ၊ NVC ကတ်ရရှိရေး ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိ NVC ကတ် ကိုင်ဆောင်ထားမှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး ၎င်းတို့အတွက် အလုပ် အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကမြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အကြားနှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်ဝင်ရောက်လိုသူ (၂ဝ,ဝဝဝ) ကျော် အနက် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲစခန်းမှတစ်ဆင့် မိသားစုဝင် (၆)ဉီး ထပ်မံ၍ ပြန်လည်ဝင်ရောက်လာခဲ့မှု၊ ၄င်းတို့၏ စားဝတ်နေရေးအတွက် စီစဉ်ပေးထားမှုနှင့် ယာယီနေရာချထားပြီးပါက မူလနေထိုင်ခဲ့သည့်နေရာ (သို့မဟုတ်) ၎င်းနှင့် အနီးဆုံးနေရာတွင် ပြန်လည်နေရာချထား ပေး ရန် စီစဉ်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ယခုကဲ့သို့ လာရောက်တွေ့ဆုံ မေးမြန်းပေးသည့် အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲ များနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များအား ကျေးဇူးတင်ကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်နှင့် ဆောင်ရွက်သည့်အခါတွင် အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် သက်ဆိုင်သည့် UN အဖွဲ့အစည်းများကလည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း နိဂုံးချုပ်ပြောကြားခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးနှင့်အဖွဲ့သည်လည်း ဩဂုတ် ၂၇ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ သွားရောက်၍ မိမိဆန္ဒအလျောက် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာခဲ့သည့် နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံခဲ့ကြောင်း နှင့် နေရပ်စွန့်ခွာသူများ၏ အခက်အခဲ၊ လိုအပ်သည့်အကူအညီများ၊ တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာ သူများ၏အခြေအနေများ၊ ဂျပန်အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆောင် ရွက် ပေးသွားရန်ရှိကြောင်း ဆွေးနွေး ပြောကြားခဲ့သည်ဟု သိရသည်။

Similar News